၂ဝ၁၄-၂ဝ၁၅ ခုနှစ်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း တံတားဟောင်းများ ပြုပြင်ခြင်းလုပ်ငန်းအပြင် နောက်ထပ် တံတားသစ် ငါးစင်းထပ်မံတည်ဆောက်သွားရန် လျာထားကြောင်း ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။
”ပြည်ထောင်စု ဘတ်ဂျက်နဲ့တိုင်းဒေသကြီး ဘတ်ဂျက်တို့ကို သုံးစွဲပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ ဆောက်လုပ်သွားမှာပါ” ဟု ၎င်းကပြောသည်။
ဆောက်လုပ်ဆဲ ဘုရင့်နောင်တံတားကို ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း အပြီးသတ်တည်ဆောက်ခြင်း၊ ဒေါပုံနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်အကြား ဆက်သွယ်ထားသည့် ငမိုးရိပ် သံပေါင်တံတားကိုအဆင့်မြှင့်တင် တည်ဆောက်ခြင်းစသည်တို့အပြင် တံတားသစ်များ ဖြစ်သည့် မြေနီကုန်း ခုံးကျော်တံတား၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အကြားတန် ၆ဝ အထိ ခံနိုင်ဝန်ရှိသည့်ငမိုးရိပ်ချောင်းကူး ကွန်ကရစ်တံတားသစ် တည်ဆောက်ခြင်း၊ ဒေါပုံနှင့်သင်္ဃန်းကျွန်းမြို့နယ် အကြားတွင်တံတားသစ်များ တည် ဆောက်ခြင်း၊ ထန်းတပင်မြို့နယ်တွင် မြစ်ကူးတံတားသစ်များ တည်ဆောက်ခြင်း၊ ပဲခူးသနပ်ပင်-သန်လျင်လမ်း ပေါ်ရှိဇွဲပြွန်တံတား တည်ဆောက်ခြင်း၊ပဲခူးသနပ်ပင်-ခရမ်းသုံးခွ လမ်းပေါ်ရှိ သန်လျင်တံတားများကို အသစ် ထပ်မံတည်ဆောက်သွားရန် လျာထားကြောင်း သိရသည်။
”ဒေါပုံနဲ့ မင်္ဂလာတောင်ညွန့်မှာဆောက်ခဲ့တဲ့ တံတားက ကြံ့ခိုင်မှုအားနည်းလာလို့ မဖြစ်မနေပြင်ဆင် ရမှာပါ။ အဲဒီတံတား ပြင်ပြီးသွားတာနဲ့ ယာဉ်ကြောပိတ်ဆို့မှုကိုလည်းတစ်ဖက်တစ်လမ်းက ဖြေရှင်းပေးနိုင်မှာပါ” ဟု ရန်ကုန်မြို့တော်ဝန်ဦးလှမြင့် ကိုယ်စား လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်းက ပြောသည်။
မြစ်ကူး၊ ချောင်းကူး တံတားသစ်များ တည်ဆောက်ခြင်း၊ တံတားဟောင်းများကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တို့က လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ JICA ကလည်း အကူအညီပေးသွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ဒေသန္တရဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းထားသည် ၂ဝ၁၄-၂ဝ၁၅ ခုနှစ် တွင် ၉ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိလာနိုင်မည်ဖြစ်သဖြင့် ယခင်နှစ်ကထက်ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုတိုးမြင့်ရန် လျာထားလျက်ရှိသည်။
Credit : The Trade Times