ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် မြေပိုင်ဆိုင်မှုဆိုင်ရာအထောက်အထား အငြင်းပွားမှုများ ရှိနေပြီး မြေကွက်အချို့မှာ ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ အရောင်းအဝယ် ဖြစ်နေကြသည်။
ယင်းသို့သော ဖြစ်ရပ်မျိုးမှာ မြို့ပြင် ဆင်ခြေဖုံးမြို့နယ်များ၌ အများဆုံးတွေ့ရပြီး အချို့ဆိုလျှင်ရပ်ကွက် တစ်ခုအဖြစ် ရှိနေသော်လည်း ဂရန်ပိုင်ဆိုင်ထားကြခြင်း မရှိကြကြောင်းစုံစမ်းသိရှိရသည်။
”အရောင်းအဝယ်ကတော့ ဖြစ်နေကြတာပဲ။ ဒါပေမယ့် ပိုင်ဆိုင်မှုအထောက်အထားကတော့ ဘာမျှမရှိ ကြဘူး။ လှိုင်သာယာမှာဆိုရင် ကျူးကျော်ပြီး နေတဲ့သူက တစ်ဆင့်ပြန်ရောင်းတာတွေလည်းရှိတယ်။ တချို့က အိမ်ငှားနေရတာနဲ့ စာရင်တော့ကျူးပြီးဆောက်နေတော့ အိမ်ငှားခသက်သာတယ်ဆိုပြီး နေတဲ့သူတွေ လည်းရှိသလို တချို့ကျတော့လည်းဖယ်ခိုင်းရင် ဆန္ဒပြမယ်၊မြေကွက်ပြန်ရရင် အမြတ်ဆိုပြီး နေတာတွေလည်း ရှိတယ်”ဟု လှိုင်သာယာမြို့နယ်အပိုင်း(၆)မှ ဒေသခံတစ်ဦးက ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ယင်းသို့သောနေထိုင်မှုမှာနေရာအချို့တွင် ရှိနေပြီး ဂရန်ထုတ် ပေးထားခြင်းမရှိသည့်အတွက် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ခိုင်လုံမှုမရှိကြောင်းပြောသည်။
”တချို့ကတော့ ဘိုးဘွားပိုင်မြေဆိုပြီး ပြောကြတာပါပဲ။ ဒါကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက မြေလွတ်တွေ၊ စားကျက်မြေတွေမှာ မိသားစု တစ်စုချင်းဆောက်လုပ်နေလာကြတာ ကြောင့် နှစ်တွေကြာလာတော့ ဘိုးဘွားပိုင်မြေတွေဖြစ်လာကြပြီး သာမန်အားဖြင့် ဂရန်ချထားပေးခြင်းမရှိဘဲ လူနေထိုင် တော့ အစုအဖွဲ့တွေ ဖြစ်သွားကြတာပါ။ လယ်မြေတွေမှာလည်းအိမ်ရာတွေ ဆောက်လုပ်နေကြတာတွေရှိသလို အရောင်းအဝယ်လုပ်ကြတာတွေလည်းရှိတယ်” ဟု ၎င်းကပြောသည်။
ယင်းသို့သော ဖြစ်ရပ်များမှာယခင်ကတည်းက ရှိခဲ့ပြီး ရန်ကုန်မြို့မှာ လူနေထူထပ်လာကာ မြို့ပြင်မြေ ကွက်များ အဝယ်လိုက်ခြင်းကြောင့်အရောင်းအဝယ် ဖြစ်ထွန်းနေသော်လည်း တချို့သောမြေကွက် ဝယ်လက် များကမူ ဂရန်အထောက်အထားမရှိခြင်းကြောင့် ဝယ်ယူရန် တွန့်ဆုတ်နေမှုများလည်း ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ဂရန်မရှိသောကြောင့် ပြဿနာဖြစ်လာလျှင် နောက်ဆုံးဝယ်လက်ပိုင်ဆိုင်ထားသူက ခံရမည် ဖြစ်ကြောင်း၊ ယင်းမြေကွက်များအား ကျူးဟု ပြောရန်ခက်သကဲ့သို့ သက်ဆိုင်ရာမှလည်းအဆိုပါ မြေကွက်အား ဂရန်ပြောင်းလျှောက်ခွင့်ပေးပါက အငြင်းပွားမှုပြဿနာများ မရှိနိုင်တော့ကြောင်းမြို့နယ်အဆင့် အထွေထွေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးလွင်က ပြောသည်။
Credit : The Trade Times