အမှန်တကယ် နေထိုင်လိုသူများ၏ ဝယ်ယူမှုများကြောင့် ကျပ်သိန်း ၃ဝဝ အောက် တိုက်ခန်းများ ဈေးကွက်တွင် အရောင်းအဝယ်သွက်နေပြီး ဝယ်ယူမှုများပြားနေခြင်းကြောင့် တိုက်ခန်းလိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများထံမှ သိရသည်။
”ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ ၂ဝ၁၅ ခုနှစ်လောက်အထိ ကောင်းနေဦးမှာပဲ။ တကယ် နေမယ့်သူတွေကတော့ သိန်း ၃ဝဝ ဝန်းကျင် အခန်းတွေ ဝယ်တာများတယ်” ဟု ဆန်းသစ်ဆောက်လုပ်ရေး လုပ်ငန်းမှအုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ကျော်စွာမင်းက ပြောသည်။
ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီများ၏ ခန့်မှန်းချက်များအရ ရန်ကုန်မြို့၏ လူဦးရေ ထူထပ်မှု၊ တိုက်ခန်း အရေအတွက်များအရနောက်ထပ် တန်ဖိုးသင့်တင့်သည့်တိုက်ခန်းပေါင်း နှစ်သိန်းနီးပါးခန့်အထိ လိုအပ်နေဆဲဖြစ်ကာ ဈေးကွက်လိုအပ်ချက် မြင့်မားနေခြင်းကြောင့် တိုက်ခန်းဈေးနှုန်းများမြင့်တက်လျက်ရှိသည့် အပြင် ငှားရမ်းခနှုန်းထားများပါ မြင့်တက်လာလျက်ရှိသည်။
”အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးတွေ ကျလာဖို့အတွက် အစိုးရကတိုက်ခန်းတွေ သိန်းနဲ့ချီပြီး ဆောက် လိုက်ရင် ဈေးတွေ အထိုက်အလျောက် ကျသွားနိုင်တယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ စတင်ကာဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်လာ ခြင်း၊ လုပ်အားခဈေးနှုန်းများ မြင့်တက်လာနေခြင်းတို့ကြောင့် တည်ဆောက်ရေးစရိတ်များ ပိုမိုကုန်ကျလာသဖြင့် တိုက်ခန်းဈေးနှုန်းများ ကျဆင်းရန်ထက် ထပ်မံမြင့်တက်ရန်တာစူလျက်ရှိနေသော်လည်း ဝယ်ယူလိုသူများ ဈေးကွက်တွင် အများအပြား ရှိနေဆဲဖြစ်သည်။
”ဆောက်လုပ်ရေးပစ္စည်းတွေတင်မဟုတ်ဘူး။ labour cost တွေကလည်း တက်လာတော့ ကုန်ကျစရိတ်တွေ မြင့်လာတယ်။ အခုဈေးကွက်မှာ အများဆုံးရောင်းနေရတဲ့ တိုက်ခန်းတွေ တန်ဖိုး သိန်း၂ဝဝ ၊ သိန်း ၃ဝဝ လောက်ကနေ တဖြည်းဖြည်း ဈေးတက်ဖို့ ရှိလာနိုင်တယ်။ ဆောက်တဲ့ ကုမ္ပဏီတွေကလည်း ကိုယ်ရောင်းတဲ့ ဈေးနှုန်းကို ဈေးကွက်က လိုက်လာနိုင်မလား၊ လိုက်မလာနိုင်ဘူးလား ဆိုတာကိုလည်း ထည့်တွက်ပြီး ဆောက်လာကြတယ်” ဟု မြန်မာဇာတိမြေဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေဈေးနှုန်းများ မြင့်တက်နေခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လုပ်အားခဈေးနှုန်းများ မြင့်တက်လာခြင်း စသည့်အကြောင်းရင်းများကြောင့် ယခုလက်ရှိ ဈေးကွက်လိုအပ်ချက် များစွာရှိနေကာ အရောင်းအဝယ်သွက်နေသည့် ကျပ်သိန်း ၂ဝဝ နှင့် သိန်း ၃ဝဝ ဝန်းကျင် တိုက်ခန်းများ၏ ဈေးနှုန်းများ ယခု ဈေးနှုန်းထက်ပိုမို၍ မြင့်တက်လာဖွယ်ရှိသည်။
”သိန်း ၃ဝဝ ပတ်လည်လောက် တိုက်ခန်းတွေ ဈေးကွက်မှာ လိုအပ်ချက်မြင့်မားဆဲ ဖြစ်တယ်။ ကွန်ဒို တွေကတော့ လိုအပ်ချက် နည်းသေးတယ်။ ပိုက်ဆံပိုတဲ့သူတွေလောက်ပဲဝယ်တာ များတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် ကျပ် သိန်း ၂,ဝဝဝ နှင့် သိန်း ၅,ဝဝဝ အကြားရှိ ကွန်ဒိုတိုက်ခန်းများ ကြိုးကြားကြိုးကြားအရောင်းအဝယ်ဖြစ်နေသော်လည်း ထိုသို့အရောင်းအဝယ်ဖြစ်နေခြင်းများကို ဆန်းစစ်ကြည့် ပါက အိမ်ရာလိုအပ်ချက် အမှန်တကယ် ရှိသူများ၏ ဝယ်ယူမှုထက် ငွေပိုငွေလျှံရှိသူများ၏ ဝယ်ယူစုဆောင်း မှုများကြောင့်အနည်းငယ် အရောင်းအဝယ်သွက်နေခြင်းဖြစ်ကြောင်း ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များ ထံမှ သိရသည်။
Credit : The Trade Times