ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် တရားမဝင် တည်ဆောက်ထားသည့် ဆောက်အအုံပေါင်း သောင်းချီရှိနေပြီး အဆိုပါ အဆောက်အအုံများမှာ တရားဝင် ခွင့်ပြုချက် ရှိ၊ မရှိ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ စိစစ်ပေးရန် လိုအပ်နေကြောင်း မြို့ခံများက ပြောကြားသည်။
မြို့နယ်တိုင်းတွင် စည်ပင်သာယာရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် မြို့မိမြို့ဖများ ပါဝင်သည့် စည်ပင်သာ ယာရေး ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က စတင်ပြဋ္ဌာန်းခဲ့ရာ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေမှာ ပြဋ္ဌာန်းထားချိန် တစ်နှစ်ကာလနီးပါး ရောက်ရှိလာပြီဖြစ်သော်လည်း ကော်မတီ၏ လုပ်ငန်း အကောင်အထည်ဖော်မှုမှာ လုံးဝ မရှိသလောက် ဖြစ်နေကြောင်း မောင်တောမြို့ခံတစ်ဦးက ထောက် ပြပြောကြားသည်။
ယင်းသို့ မြို့နယ်အသီးသီးတွင် တရားမဝင် တည်ဆောက်ထားသည့် အဆောက်အအုံ အများစုမှာ ဘင်္ဂါလီများ၏ ဗလီများနှင့် မာဒရာဆာစာသင်ကျောင်း (ဘင်္ဂါလီစာသင်ကျောင်း) ဖြစ်ပြီး အဆိုပါ အဆောက်အအုံများ တည်ဆောက်ရန်အတွက် ပြည်ထဲရေး ဌာနမှ ခွင့်ပြုချက် (လ/န)၊ မြေ စာရင်းဌာနမှ ခွင့်ပြုချက်၊ စည်ပင် သာယာရေးအဖွဲ့မှ ခွင့်ပြုချက် စသည့် ခွင့်ပြုချက် တစ်စုံတစ်ရာ ကို ခွင့်ပြုပေးထားခြင်း မရှိကြောင်း သိရသည်။
''အခုမှ ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ တိုင်းရင်းသားဘာသာ၊ တိုင်းရင်းသားစာကို သင်ကြားဖို့ အခွင့်အလမ်း ရရှိတာပါ။ ဘင်္ဂါလီတွေမှာတော့ သူတို့ဘာသာ၊ သူတို့စာကို သက်ဆိုင်ရာဗလီတွေ၊မာဒရာဆာကျောင်းတွေမှာ သင်နေတာ ကြာပြီ။ မောင်တော မှာ ဆိုလို့ရှိရင် တက္ကသိုလ်အဆင့် မာဒရာဆာကျောင်းတွေ တော်တော်များများရှိပါတယ်။ ဘယ်ပညာရေးဝန်ကြီးဌာနမှ သင် ကြားခွင့် ခွင့်ပြုပေးတာမရှိပါဘူး။ အဲဒီကျောင်းတွေရှိနေတဲ့အတွက် ဘင်္ဂါလီကလေးတွေဟာ အစိုးရစာသင်ကျောင်းတွေမှာ ကျောင်း တက်ဖို့ အားနည်းပြီး မြန်မာစကား၊ မြန်မာစာ၊ မြန်မာဓလေ့ထုံးစဉ်တွေကို မသိဖြစ်နေကြတာဖြစ်ပြီး အသိဥာဏ် ဗဟုသုတလည်း နည်းပါးနေတာ ဖြစ်ပါတယ်။ အဲဒီကျောင်းတွေကိုသာ စိစစ်ဆောင်ရွက်မယ်ဆိုရင် ဘင်္ဂါလီကလေးတွေ အစိုးရကျောင်းကို ရောက် လာပြီး မြန်မာလူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစဉ်တွေကို နားလည်လာနိုင်မှာ ဖြစ်ပါတယ်'' ဟု မောင်တော မြို့ခံတစ်ဦး က ပြောပြသည်။
ပြဋ္ဌာန်းထားသည့် ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၃(က)တွင် စည်ပင်သာယာရေးကော်မတီသည် မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေ၊ အဆောက်အအုံတို့ နှင့် စပ်လျဉ်း၍ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ် ချက်များနှင့် ညီညွတ်မှုမရှိဘဲဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်းကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် မြေပိုင်ရှင် သို့မဟုတ် အဆောက် အအုံ ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင် သူအား ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၈၂ တွင် သက်ဆိုင်ရာ ပုဒ်မ၊ ပုဒ်မခွဲ ပါ ပြဋ္ဌာန်းချက်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းချက်များကိုလည်းကောင်း လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ငွေဒဏ် အနည်းဆုံး ကျပ် ၅ဝဝဝဝ မှ အများဆုံး ၅ဝဝဝဝဝ အထိ ဖြစ် စေ၊ ထောင်ဒဏ် ၁ နှစ်အထိ ဖြစ် စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ် ခြင်း ခံရမည်ဟု ပြဋ္ဌာန်းထား ကြောင်း တွေ့ရသည်။
Credit: Zay Gwet Journal