လက်ရှိအစိုးရ သက်တမ်းနှစ်နှစ်ကျော်အတွင်း အိမ်ခြံမြေဈေးနှုန်း အဆပေါင်းများစွာ မြင့်တက်

လက်ရှိအစိုးရ သက်တမ်းနှစ်နှစ်ကျော်အတွင်း အိမ်ခြံမြေဈေးနှုန်း အဆပေါင်းများစွာ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
9 Nov 2013 4:14 pm တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရ တက်ရောက်သည့် သက်တမ်းနှစ်နှစ်ကျော်အတွင်း အိမ်ခြံမြေဈေးနှုန်း အဆပေါင်းများစွာ မြင့်တက်နေခြင်းကြောင့် အခြေခံ လူတန်းစားများ လူနေမှု အဆင့်အတန်း ပြည့်မီစွာ နေထိုင်နိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းများထံမှ သတင်းရရှိသည်။

လက်ရှိအစိုးရ စတင်တက်ရောက်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မြန်မာနိုင်ငံသို့ ၀င်ရောက်ရန် ခြေလှမ်းပြင်ဆဲ ကာလမှာပင် အိမ်ခြံမြေ ဈေးနှုန်းများ သိသိသာသာ စတင်မြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါ အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုကြောင့် မြေနေရာ အများအပြား ပိုင်ဆိုင်သည့် လုပ်ငန်းရှင် အနည်းစုသာ အကျိုးများစွာ ဖြစ်ထွန်းခဲ့ပြီး စီးပွားရေး လုပ်ငန်းများ အမှန်တကယ် စတင်လိုသူများ၊ စီးပွားရေးလုပ်ငန်း တိုးချဲ့လိုသည့် လုပ်ငန်းရှင်များနှင့် အခြေခံ လူတန်းစားများ၊ လူလတ်တန်းစားများသည် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။

"မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့ နေရာမှာ အခက်အခဲ ဖြစ်စေပါတယ်။ မြန်မာနိုင်ငံရဲ့ မြေဈေးနှုန်းက နယူးယော့ခ်ထက်တောင် မြင့်နေတယ်ဆိုတာမျိုး ကျွန်တော်တို့ကို ခဏခဏ ပြောကြတယ်။ ဒီလိုဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကနေ မူဝါဒချမှတ်ဖို့ ဆောင်ရွက်နေတာတွေ ရှိတယ်။ ချက်ချင်းတော့လုပ်လို့ မရသေးပေမယ့် အဘက်ဘက်က သုံးသပ်ပြီး မြေနဲ့ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်ဖို့ ဆောင်ရွက်နေပြီး တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားပါမယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။

အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာခြင်းသည် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ကြီးများအားလုံးတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဈေးနှုန်းမြင့်တက်မှု အများဆုံး ဖြစ်သည်။ လှိုင်၊ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ စမ်းချောင်းနှင့် ကမာရွတ်ကဲ့သို့ အချက်အချာကျ မြို့နယ်များတွင် အိမ်ခြံမြေဈေးနှုန်း ပိုမိုမြင့်တက် လာသကဲ့သို့ သန်လျင်၊ ဒလ၊ ဒဂုံဆိပ်ကမ်းကဲ့သို့ မြို့များတွင်လည်း ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

"အခု အိမ်ခြံမြေ ဈေးကွက်မှာ အခြေခံ လူတန်းစားတွေအတွက် ခက်ခဲသလို အလယ်အလတ်တန်းစားတွေ အတွက်လည်း အိမ်နဲ့ခြံနဲ့ နေဖို့က ခက်ခဲတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ စီးပွားရေး အချက်အချာကျတဲ့ မြို့တွေကို ချဲ့ထွင်ပြီး နှစ်ဆ၊ သုံးဆတိုးအောင် လုပ်မယ်ဆိုရင် ပိုပြီးအကျိုး ရှိလိမ့်မယ်။ ပြီးတော့ ဈေးခေါ်တဲ့ သူတွေကလည်း တကယ့်ဖြစ်နိုင်တဲ့ ဈေးကိုပဲ ခေါ်ပြီးတော့ သံယောင်လိုက်ပြီး မဖြစ်နိုင်တဲ့ဈေးကို မခေါ်မိဖို့ အရေးကြီးပါတယ်။ ရောင်းမထွက်တဲ့ ဈေးကြီးပစ္စည်းကို ပိုက်ပြီးတော့ ကျန်နေတာမျိုး မဖြစ်ရအောင် စဉ်းစားပြီးမှ အရောင်းအ၀ယ် လုပ်စေချင်ပါတယ်" ဟု Estate Myanmar Group အိမ်ခြံမြေ လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။

ယခုအစိုးရ လက်ထက်တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းသည် ယခင်အစိုးရ လက်ထက်က ပြုလုပ်ခဲ့သော မူဝါဒများ၏ သက်ရောက်မှုများလည်း ပါဝင်လျက်ရှိသည်။ ယခင်အစိုးရ လက်ထက်တွင် အစိုးရအဖွဲ့နှင့် နီးစပ်သူ အများအပြားသည် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများ၊ အိမ်ရာများ၊ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံနှင့် မြေကွက်များ၊ စက်မှုဇုန်မြေများ၊ အကြောင်းအမျိုးမျိုးပြ သိမ်းယူခဲ့သော လယ်ယာမြေများကို လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်ကို လက်ဝါးကြီးအုပ် ချယ်လှယ်ခွင့် ရရှိနေခြင်း ဖြစ်သည်။

ထို့အတူ ယခင်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် အဘက်ဘက်က နိမ့်ကျနေသော စီးပွားရေး ဖွံ့ဖြိုးမှု ညွှန်းကိန်းများကို ရေတိုကုစားရန်အတွက် အိမ်ခြံမြေ အခွန်နှုန်းထားကို ထက်ဝက်ကျော် လျှော့ချခဲ့ပြီး ယခုအစိုးရလက်ထက် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် သတ်မှတ်အခွန် ရာခိုင်နှုန်း ၃၀ သို့ ပြန်လည်မြှင့်တင်ခဲ့သည်။

ထိုသို့ ငါးနှစ်ခန့်ကြာ ၀င်ငွေရလမ်း ဖော်ပြရန်မလိုဘဲ အိမ်ခြံမြေ ၀ယ်ယူခွင့်နှင့် အခွန် ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ခြင်းကြောင့် အိမ်ခြံမြေ အများအပြား ပိုင်ဆိုင်ထားသူများ၊ အစိုးရအဖွဲ့နှင့် နီးစပ်၍ လုပ်ကိုင်ခွင့်များ ရရှိထားသူများသာ ပိုမိုအကျိုးဖြစ်ထွန်းခဲ့ပြီး ငွေကြေးခ၀ါချလိုသူများ၊ အခွန်ရှောင်လိုသူများ၊ ၀င်ငွေရလမ်း မဖော်ပြလိုသူများသည် မြန်မာနိုင်ငံ (အထူးသဖြင့် ရန်ကုန်) အိမ်ခြံမြေ ဈေးကွက်တွင် လက်ဦးမှု ရယူခွင့်နှင့် လက်ဝါးကြီးအုပ်ခွင့်များစွာ ရရှိခဲ့ကြသည်။

"လက်ရှိ အစိုးရသစ် လက်ထက်မှာ အိမ်ခြံမြေ ဈေးနှုန်းတွေ ကြီးမြင့်တယ်ဆိုတာက အရင်အစိုးရ လက်ထက်က အနေအထားနဲ့လည်း ဆက်စပ်ပတ်သက် နေပါတယ်။ ဥပမာ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ရင် ၀င်ငွေရလမ်း ဖော်ပြနိုင်စရာ မလိုဘူးဆိုတော့ ဖြေလျှော့ပေးခဲ့တဲ့ အနေအထားက အိမ်ခြံမြေ ဈေးကွက်ကို ငွေမည်းတွေ ၀င်လာဖို့ ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပါပဲ။ နောက်တစ်ခုက ဘဏ်တိုးနှုန်းတွေ ကွာဟတဲ့အတွက် ပြည်ပက လုပ်ငန်းရှင်တွေ ဥပမာ တရုတ်လုပ်ငန်းရှင်နဲ့ စင်ကာပူ လုပ်ငန်းရှင်တွေက ဘဏ်တိုးနှုန်းပေါ်ကနေရတဲ့ အမြတ်ကနေ အိမ်ခြံမြေဈေးကွက်ကို ပိုပြီးမြင့်မား လာစေပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ တက်တယ်ဆိုတာကတော့ စီးပွားရေးအရ ပွင့်လမ်းလာတဲ့ အနေအထား တစ်ခုအောက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်တဲ့အတွက် ဒါကိုသိတဲ့သူတွေက ကြိုတင်ပြီး ဈေးကစားကြတာပါ။ ဒါကြောင့် မြေသိမ်းယူတဲ့ ကိစ္စတွေကလည်း ဒါတွေနဲ့ အများကြီး ဆက်စပ်ပါတယ်" ဟု ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေဖြင့် မြေယာစနစ်တကျ စီမံခန့်ခွဲရေး၊ မြေယာစနစ် ပြုပြင်ပြောင်းလဲရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေး စသည့်ကိစ္စရပ်များအပေါ် ဂရုပြုပြောဆိုမှုများ ရှိခဲ့သော်လည်း ရန်ကုန်မြို့၏ အချက်အချာကျ မြေနေရာများ၊ အစိုးရပိုင်မြေ၊ စက်ရုံအလုပ်ရုံနှင့် ရုံးအဆောက်အအုံများသည် လူနည်းစုလက်ထဲ တရားဝင် ရောက်ရှိနှင့်ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် အိမ်ခြံမြေဈေးနှုန်းကို ထိန်းချုပ်ရန် လုပ်ဆောင်မည်ဟု ပြောကြားလျက် ရှိသော်လည်း အဆိုပါ ကော်မရှင်ကပင် နိုင်ငံပိုင် မြေအများစုကို လူနည်းစု လုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့်များ ပေးအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ငါးနှစ်ကြာ ကျင့်သုံးခဲ့သော ၀င်ငွေရလမ်း ဖော်ပြရန်မလိုဘဲ အိမ်ခြံမြေ ၀ယ်ယူခွင့်နှင့် အခွန်ထက်ဝက် သက်သာခွင့် ပေးခဲ့ခြင်းကြောင့် အခြားနိုင်ငံသားများ (အထူးသဖြင့် တရုတ်) ကလည်း မြန်မာ့အိမ်ခြံမြေ ဈေးကွက်တွင် အကျိုးအမြတ်ကို စိတ်ကြိုက်ရယူခွင့် ရရှိခဲ့ပြီး မူးယစ်ဆေးဝါးကဲ့သို့ တရားမ၀င်ငွေများ၊ လာဘ်ပေးလာဘ်ယူမှုမှ ရငွေများသည် အိမ်ခြံမြေ ဈေးကွက်သို့ စီးဝင်ခဲ့သည်။

"အိမ်ခြံမြေဈေးကွက်မှာ ၀င်ရောက်ပြီးတော့ ဈေးကစားတယ် ဆိုတာက မြန်မာတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။ ဒီအပေါ်မှာမှ သေသေချာချာ သုတေသန ပြုလုပ်ပြီး ပြဿနာကို အဖြေရှာနိုင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံက မြေဈေးတွေ မြင့်တက်တဲ့အတွက် နိုင်ငံခြားသား တော်တော်များများလည်း တပ်ခေါက်ပြီး ပြန်သွားတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီလိုအနေအထားမျိုးချည်းတော့ တစ်သက်လုံး ဖြစ်မလာနိုင်ပါဘူး" ဟု ရန်ကုန်မြို့၏ အိမ်ခြံမြေ အနေအထားကို လေ့လာနေသော Consilium Company ၏ ဥက္ကဋ္ဌဖြစ်သူ David Proctor က ပြောကြားသည်။

လက်ရှိအစိုးရသည် အိမ်ခြံမြေ အခွန်နှုန်းထားကို ရာခိုင်နှုန်း ၃၀ သို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ ပြန်လည်သတ်မှတ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အဆိုပါအိမ်ခြံမြေခွန် ရရှိသည့် အခြေအနေကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း သိရသည်။

ဈေးကွက်လက်ဝါးကြီးအုပ်ရန်နှင့် မြေများစွာ သိမ်းယူထားသူများကို အခွန်နှုန်းထားဖြင့် ထိန်းချုပ်ထားနိုင်ရန် ပိုင်ဆိုင်မှုအလိုက် အခွန်ကောက်ခံမှုစနစ် Property Tax ကောက်ခံသင့်ကြောင်း သမ္မတ၏ စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့မှ နာယကဖြစ်သူ ဦးမော်သန်း (နိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်) အပါအ၀င် စီးပွားရေး ပညာရှင်များက ထောက်ပြနေသော်လည်း လက်ရှိအထိ လုပ်ဆောင်နိုင်မှု မရှိကြောင်း သိရသည်။

"အိမ်ခြံမြေဈေးတွေ အဆမတန် မြင့်တက်တာ ဆင်းရဲသားကတော့ နဂိုကတည်းက ၀ယ်ဖို့မတတ်နိုင်တာ သူ့အတွက် ဘာမှမထူးဘူး။ အစကတည်းက နိမ့်နိမ့်ကျကျ နေရာတာ ဘာမှအမြတ်ထွက်စရာ မရှိဘူး။ ပိုဆိုးဖို့ပဲ ရှိတယ်။ စီးပွားရေး လုပ်ငန်းတွေ အတွက်တော့ အိမ်ခြံမြေ ဈေးနှုန်းကြီးရင် နိုင်ငံခြား လုပ်ငန်းတွေအတွက် အဟန့်အတား ကြီးတယ်။ ပြည်တွင်းလုပ်ငန်းတွေကတော့ နေရာအထိုက်အလျောက် ယူပြီးတော့ ခံသာသေးတယ်။ အခုဆိုရင် ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းက နယူးယော့ခ်မြို့ထက်တောင် မြင့်သေးတယ်လို့ ပြောလာကြတယ်။ ဒါကိုထိန်းဖို့အတွက် Property Tax ကောက်တာနဲ့ပဲ ဖြေရှင်းမှ ရမယ်။ မြေတွေပိုင်ထားရထားပြီး ဘာမှမလုပ်ရင် အခွန်ပိုကောက်သင့်တယ်။ အိမ်တွေခြံမြေတွေ အများကြီးပိုင်ထားပြီး ထပ်ဝယ်မယ်ဆို အခွန်တိုးကောက်သင့်တယ်။ ပိုင်ဆိုင်မှု အရည်အတွက်အလိုက် အခွန်တိုးကောက်ပြီး ထိန်းလို့ရတယ်။ မြေဆိုတာ နိုင်ငံအတွက် အကန့်အသတ် ရှိတယ်။ အစိုးရက မထိန်းလို့ မရဘူး" ဟု ဦးမော်သန်းက ထင်မြင်ချက်ပေးသည်။

ထို့ပြင် ထိုသို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေခြင်းသည် အစိုးရနှင့် သက်ဆိုင်ရာ ဌာနများနှင့် နီးစပ်သူများကို ထုတ်ပေးသည့် ပါမစ်မြေများနှင့်လည်း သက်ဆိုင်နေကြောင်း သိရသည်။ ပါမစ်မြေသည် မူဝါဒအရ လွှဲပြောင်းခြင်း မပြုရ၊ ရောင်းချခြင်း မပြုရဟု သတ်မှတ်ထားသော်လည်း လွှဲပြောင်းရောင်းချမှု အဆင့်ဆင့် ပြုလုပ်လျက်ရှိပြီး သက်ဆိုင်ရာ ဌာနကလည်း လွှဲပြောင်းရောင်းချမှု အဆင့်တစ်ဆင့်တွင် အဆက်အစပ် အရောင်းအ၀ယ် စာချုပ်ကို လက်ခံပြီး ဂရန်မြေ ထုတ်ပေးမှုများ ရှိကြောင်းနှင့် အဆင့်ဆင့် လက်လွှဲရောင်းချမှုကြောင့် ပါမစ်မြေဈေးနှုန်း မြင့်တက်မှုနှင့်အတူ ပါမစ်မြေနှင့် အရည်အသွေး ထပ်တူရှိသော ဂရန်မြေများ၏ ဈေးနှုန်းပါ လိုက်ပါမြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်တွင် ၀င်ရောက်မြှုပ်နှံထားသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service