သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း ပါဝင်မည့် ဘက်စုံစီမံကိန်းကြောင့် သန်လျင်တံတား (၂) အနီးရှိ လယ်ကွက်များ တစ်စတုရန်း ပေလျှင် ကျပ် ၅၀၀၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ် ဖြစ်နေကြောင်း လယ်ကွက် ၀ယ်ယူထားသူများ ထံမှ သတင်းရရှိသည်။
''အခုလပိုင်း အတွင်းမှာ တော်တော်လေး လိုက်ပြီး ၀ယ်နေကြတယ်။ ပွဲစားတစ်ယောက်က သူ့လက်ထဲမှာ ရှိနေတဲ့ လယ်ကွက်တွေစုပြီး ဈေးပြော၊ ကိုယ်ကစာချုပ် စာတမ်းနဲ့ ၀ယ်လိုက်ရုံပဲ။ ရက်ပိုင်းလောက် ခြားပြီး အဲဒီလယ်ကွက်တွေကို ကိုယ်ဝယ်ထားတဲ့ ဈေးထက်ပိုပေး ၀ယ်မယ့်သူ ရှိတယ်လို့ ပြန်လာပြောတယ်။ အဲဒါနဲ့ပဲ ကိုယ်က ပြန်ရောင်း ဖြစ်သွားတယ်။ အဲဒီလို လက်ပြောင်း လက်လွှဲတွေ ရောင်းဝယ် နေကြတာပါ'' ဟု အဆိုပါ လယ်ကွက်များ ၀ယ်ရောင်း လုပ်နေသည့် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
အဆိုပါ လယ်ကွက်များကို လက်ရှိ အချိန်တွင် တစ်စတုရန်းပေလျှင် ကျပ် ၅၀၀၀ ၀န်းကျင်ဖြင့် ရောင်းဝယ်လျက်ရှိပြီး နေ့စဉ် အရောင်းအ၀ယ် ဖြစ်ပေါ်နေကြောင်း သိရသည်။ အရောင်းအ၀ယ် ပြုလုပ်ပုံမှာ ၀ယ်သူနှင့် ရောင်းသူ နှစ်ဦးနှစ်ဖက်စာချုပ်စာတမ်းဖြင့် ရောင်းဝယ်နေခြင်းဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးက အသိသက်သေ လက်မှတ်ရေးထိုး ပေးကြောင်း သတင်းရရှိသည်။
လယ်ကွက်ဝယ်ယူသူ အချို့သည် ဧက အများအပြား ၀ယ်ယူထားပြီး မူရင်း လယ်ပိုင်ရှင်များကို လယ်ပြန်လုပ်ခွင့် ပေးထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါ နေရာသို့ နေ့စဉ်ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြင့် ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များ လာရောက် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိပြီး ကြားခံပွဲစား များကလည်း လမ်းဘေးတွင် စားပွဲနှင့် ကုလားထိုင်ချပြီး အရောင်းအ၀ယ် ပြုလုပ်နေကြောင်း နေ့စဉ်သွားရောက် နေသူများထံမှ သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို ဂျပန်နိုင်ငံမှ အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်း အများအပြားက ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တည်ထောင်ရန် ပြင်ဆင်လျက်ရှိသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အခြေခံ အဆောက်အအုံများကို ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်သွားရန် ရှိပြီး အဆိုပါ သီလ၀ါ စက်မှုဇုန် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သီလ၀ါဆိပ်ကမ်း ဘက်စုံလုပ်ငန်းသစ် တည်ဆောက်ရေး အတွက် အမေရိကန်ဒေါ်လာ ၃၈၁ ဒသမ ၄၂ သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၏ အဓိက အကျဆုံး စက်မှုနှင့် ဆိပ်ကမ်းဒေသ ဖြစ်လာမည့် သီလ၀ါ စက်မှုဇုန် စီမံကိန်းကြောင့် သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ် တစ်ဝိုက်တွင် အိမ်ခြံမြေ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိပြီး လယ်ယာလုပ်ကိုင် နေဆဲဖြစ်သည့် လယ်ကွက်များကိုပါ ဈေးအမြင့် ပေးဝယ်ယူလာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: Eleven Media