749 ကြိမ် ကြည့်ရှု့ပြီး

ညီမ (၃)ယောက်ရှိပါတယ် အငယ်ဆုံးပါ အဖေနဲ့အမေကငယ်ငယ်တည်းကကွဲသွားပါတယ်ကျွန်မတို့ကို အဖေဘက်ကခေါ်ထားပါတယ် အခုအဖေဆုံးသွားပါပြီအဖေတို့မှာ မောင်နှမ(၅)ယောက်ရှိပါတယ်။ အဖေရယ် အကို အကြီးဆုံးရယ် ဆုံးသွားပါပြီအမွေဆိုင် အိမ်တစ်လုံးရှိပါတယ် အဖေဆုံးပြီး (၂)နှစ်လောက်အကြာမှာ အဲ့အိမ်ကိုဌားပါတယ် အခုဆို (၆)နှစ်ဝန်းကျင်ရှိပါပြီ ကျွန်မတို့(၃)ယောက်နဲ့ ဦးလေးလူပျိုကြီးနှင့် အဒေါ်အပျိုကြီးကို အပြင်မှာတိုက်ခန်းဌား နေခိုင်းပါတယ်။ အိမ်ဌားလို့ရတဲ့လခတွေကို ဒီနေ့ဒီချိန်ထိတစ်ပြားမှမမြင်ဖူးပါ။ အဖေ့ညီမအငယ်ဆုံးက အကုန်လုံး ကိုစီမံပါတယ် ကျွန်မတို့ မေးရင်လည်းမကြိုက်ပါဘူး။ အဖေဆုံးပြီးတဲ့ နှစ်လောက်က ကျွန်မတို့အဖေရဲ့ဝေစုကို ကျွန်မတို့ကိုပေးဖို့တောင်းပါတယ်။ အချိန်မတန်သေးဘူးဆိုပြီးမပေးပါဘူးအခုဆိုအဲ့အိမ် ဂရန်ကိုသူ့နာမည်နဲ့ပြောင်း လိုက်ပြီလို့ကြားပါတယ်ကျွန်မတို့ဘာမှ မသိရပါဘူးကျွန်မတို့ (၃)ယောက်သည် အဖေကွယ်လွန်သွားသည့်အတွက် အဖေ့ဝေစုကိုရခွင့်ရှိပါသလားရခွင့်ရှိ၍ တောင်းမည်ဆိုလျင် မပေးပါက ဘယ်ဥပဒေဘယ်ပုဒ်မတွေဖြင့် တရားစွဲခွင့် ရှိပါသလဲဖြေကြားပေးပါ။

မေးသူ - မသက်နွင်းဆက်
အဖိုးအဖွားပိုင်ဆိုင်သည့် အိမ်ခြံမြေဖြစ်မည်ထင်ပါတယ်။ ထိုအချက်မှာ အဖေဖြစ်သူ၏ မိဘများဖြစ်သည့် အဖိုးအဖွား တစ်ယောက်ယောက် အမည်ဖြင့် ပိုင်ဆိုင်ထားမှသာ အဖေတို့မောင်နှမ (၅)ဦးက အမွေဆက်ခံ ပိုင်ဆိုင်မှာဖြစ်ပါတယ်။
အဖိုးအဖွားသည် သက်ရှိထင်ရှားရှိနေသေးလျှင်လည်း အမွေတောင်းဆိုခွင့်မရှိသေးပါဘူး။ အကယ်၍ အဖိုးအဖွားအမည်ဖြင့်ပိုင်ဆိုင်သည်။ အဖိုးအဖွားလည်း သက်ရှိထင်ရှားမရှိတော့ဘူးဆိုလျှင် ထိုအချိန်မှစတင်၍ အမွေခွဲဝေလို့ရပါပြီ အဖိုးအဖွားအမည်ဖြင့်ပိုင်ဆိုင်ထားလျှင်တော့ အဒေါ်တစ်ဦးတည်းအမည်ဖြင့် အမည်ပြောင်းလို့မရပါဘူး။ သားသမီးအားလုံးမှ အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ပြီးမှ အမည်ပြောင်းလို့ရမှာဖြစ်တဲ့အတွက် အဒေါ်အမည်ပြောင်းထားမည်ကိုတော့ စိုးရိမ်စရာမရှိပါဘူး။ အဖေက သက်ရှိထင်ရှားမရှိတော့တဲ့အတွက် အဖေရဲ့အမွေကို မသက်နွင်းဆက်တို့မိခင်ဖြစ်သူမှ အမွေ ရရှိမှာဖြစ်ပါသည်။ မိခင်ဖြစ်သူသည် မသက်နွင်းဆက်တို့ ငယ်စဉ်ကတည်းက အဖေနဲ့ ကွာရှင်းထားတာဖြစ်တဲ့ အတွက် မသက်နွင်းဆက်တို့ မောင်နှမ(၃)ဦးမှ အဖေဖြစ်သူ၏ အမွေကိုဆက်ခံပိုင်ဆိုင်မှာဖြစ်ပါတယ်။ ထို့အတူဘဲ အဖေရဲ့အစ်ကိုကြီးဆုံး၏ အမွေကိုလည်း ၎င်း၏ ဇနီး(သို့မဟုတ်) သားသမီး များမှ အမွေဆက်ခံပိုင်ဆိုင်မှာ ဖြစ်ပါသည်။ အဖေ၏ မိဘများကွယ်လွန်သွားပြီးချိန်မှစတင်ပြီး အမွေတောင်းဆိုခွင့်ရှိနေပြီဖြစ်ပါသည်။ အဖေဖြစ်သူ တို့ မောင်နှမများဖြစ်သော သက်ရှိထင်ရှားရှိနေသည့် (၃)ဦး၊ အဖေအစ်ကိုအကြီးဆုံး၏ အမွေဆက်ခံသူများနှင့် မသက်နွင်းဆက်တို့ မောင်နှစ်မ(၃)ဦးတို့ မျက်နှာစုံညီ အမွေကိစ္စကိုစကားပြောပါ။ စကားပြောဆိုသည့်အခါ အဆင်ပြေမည်ဆိုလျှင် ရှေ့နေတစ်ဦးကို ညှိနှိုင်းဆောင်ရွက်ခိုင်းပါ။ ထိုသို့ ညှိနှိုင်းရာတွင် အမွေခွဲဝေရန် တစ်စုံတစ်ယောက်မှ သဘောမတူခြင်း၊ မောင်နှမ(၃)ဦးစလုံးမှ သဘောမတူခြင်း၊ အမွေခွဲဝေရန် ဝေစု ညှိနှိုင်းမရခြင်းများဖြစ်ပေါ်ပါက သက်ဆိုင်ရာခရိုင်တရားရုံးသို့ အမွေပုံစီမံခန့်ခွဲပေးစေလိုမှုအဖြစ် တရားမမှု စွဲဆိုရမှာဖြစ်ပါတယ်။ ထိုမှသာ တရားရုံးမှ တရားလိုနှင့် တရားပြိုင်များကို စစ်ဆေးပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မည်သူသည် မည်မျှဝေစုကိုရသင့်ကြောင်း ဆုံးဖြတ်ပေးမှာဖြစ်ပါကြောင်း ရှင်းလင်းအကြံပြုအပ်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့
ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။

အိမ်ခြံမြေ မေးခွန်းများကို မေးရန် ဤနေရာကို သွားပါ။

အခြား အိမ်ခြံမြေ အမေးအဖြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)