မင်္ဂလာပါဆရာ သားသမီး(၄)ယောက်ရှိသည့်အနက် တစ်ယောက်တည်းကိုအမွေအားလုံးပေးပြီးဂရမ်အမည်ပေါက်ဖြစ်သွားကာမှ သားသမီးအားလုံးကိုခွဲပေးချင်နေပါတယ် ၊အခုအားလုံးရသွားသောသားမှ ဘာမှခွဲမပေးချင်ပါဘူးတဲ့ဆရာ ၊
မိဘအနေနဲ့အားလုံးအညီခွဲပေးချင်လို့ဘာများလုပ်လို့ရမလဲအကြံဥာဏ်တောင်းဆိုပါတယ်ဗျာ ။
မေးသူ - ဦးအောင်ဝင်း "ဦးအောင်ဝင်း" သားကိုအမွေပေးတာက တကယ်ပေးချင်လို့မဟုတ်ဘဲ အကြောင်းတစ်ခုခုကြောင့် ဟန်ဆောင်ပေးတာမျိုး ဖြစ်ဖို့တော့ လိုပါတယ်။ တစ်ယောက်တည်းသော သားရဲ့ ဂရန်အမည်ပေါက် ဖြစ်သွားပေမဲ့၊ ကျန်သားသမီး(၃)ဦးကလည်း အမွေဆက်ခံခွင့် ရှိပါတယ်။ ဒီတော့ မိဘနှစ်ပါး သက်ရှိထင်ရှားရှိစဉ်မှာ ဂရန်အမည်ပေါက် သားဖြစ်သူက အခြားသူတစ်ဦးဦးကို ပြန်ရောင်းခဲ့မယ်ဆိုရင်တော့ ပြန်ရောင်းလို့မရအောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှာ အရောင်းမြေပုံ ကူးတာတို့၊ တစ်ဦးဦးကိုပေးဖို့ မြေပုံကူးတာတို့ မလုပ်ခင် ကန့်ကွက်လွှာ တင်ထားရမယ်။ နယ်မြို့တွေ ဆိုရင်တော့ မြို့နယ် လယ်ယာမြေ စီမံခန့် ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန (ကြေးတိုင်နှင့် မြေစာရင်းဦးစီးဋ္ဌာန )ရုံးကို သွားပြီး ကန့်ကွက်လွှာ တင်ရမှာပေါ့။
အဲ့ဒါဆိုရင်တော့ သားကရောင်းလို့မရ၊ ပေးလို့မရ၊ ရပ်တန့်နေမှာပေါ့။ အရပ်ကတိ အရောင်းအ၀ယ်စာချုပ် နဲ့ ရောင်းရင်တော့ ရပြန်တယ်။ ဒါလည်း သိတာနဲ့ ၀ယ်မယ့်သူကို ကန့်ကွက်ပေါ့။ ဂရန်အမည်ပေါက် သားက ကျန်(၃)ယောက်ကိုလည်း ခွဲမပေးဘူး။ ဒီအတိုင်းပဲ ဆက်နေမယ်ဆိုရင်တော့ ဦးအောင်ဝင်း အနေနဲ့"မြေငှါးဂရန်"ပယ်ဖျက်ပေးပါရန်နှင့် မိဘအမည်ပေါက် ပြန်လည်ပြုလုပ်ပေးပါရန် "တရားစွဲဆိုယူရမယ်။ ဒါမှမဟုတ် မိဘပစ္စည်းကို သားဖြစ်သူ အမည်ငှါးထားခြင်း ဖြစ်တဲ့အတွက် ကြောင့် သားအမည်ပေါက်ဂရန်ဟာ အမည်ငှါး ဖြစ်ကြောင်း မြွက်ဟကြေငြာ ပေးစေလိုမှု နဲ့ တရားစွဲပေါ့။
အဲ့ဒီလို တရားလည်းမစွဲချင်ဘူး။ သားကလည်း ပြန်မရောင်းဘဲ ဒီအတိုင်းပဲ နေသွားမယ်ဆိုရင်တော့ မိဘတွေကွယ်လွန် ပြီးတဲ့နောက်မှာ ကျန်သားသမီး (၃)ဦးက "အမွေပုံစီမံခန့်ခွဲပေးစေလိုမှု" နဲ့ တရားစွဲပြီး ခွဲယူကြရမှာ ဖြစ်ပါတယ်လို့ အကြံပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။