မင်္ဂလာပါဆရာ ကျွန်တော် လွန်ခဲ့တဲလကလယ်မြေအမည်ပေါက်ထံက လယ်၅ဧကဝယ်ခဲ့ပါတယ် ပုံစံ၇ ပုံစံ၁၀၅ မူရင်းလက်ခံရရှိပါတယ် အရပ်ကတိအရောင်းအဝယ်စာချုပ်ချုပ်ပြီး မြေစာရင်းရုံးမှ အထွေထွေကိုယ်စာလှယ်လွဲစာ ရောင်းသူထံကလက်ခံရရှိပါတယ် ပြီးပြည့်စုံရဲ့လားသိချင်ပါတယ်ဆရာ ။ နောင်တစ်ချိန်အမည်ပြောင်းခွင့်ရရင် အခုအမည်ပေါက်ရောင်းတဲ့သူမပါပဲ ကိုယ်တိုင်ဆောင်ရွက်လိုရလားသိချင်ပါတယ် ဆရာ ။
မေးသူ - Saw Steven Say ပြည့်စုံပါတယ် ညီလေးရေ။ မှတ်ပုံတင် ပြီးတဲ့ အထွေထွေကိုယ်စားလှယ်လွှဲစာ လက်ခံရရှိပြီးဖြစ်လို့ နောင်တစ်ချိန် အမည်ပြောင်းခွင့်ရရင် အခုအမည်ပေါက်ရောင်းသူမပါဘဲ GP ပါဝါ ရထားသူကိုယ်တိုင် ဆောင်ရွက်လို့ရပါတယ်။ အဲ...တစ်ခုတော့ မှာထားလိုက်ပါရစေ။ အထွေထွေကိုယ်စားလှယ်လွှဲစာ(GP)နဲ့ အမည်ပြောင်းလျှောက်ရင်တော့" အထွေထွေကိုယ်စားလှယ်လွှဲသူဟာ ယနေ့အထိ အသက်ထင်ရှားရှိနေပါတယ်။ ဒါ့အပြင် ကျွန်တော့်အား လွှဲအပ်ထားတဲ့ အထွေထွေကိုယ်စားလှယ် လွှဲစာကိုလည်း ယနေ့အထိ ပြန်လည်ရုတ်သိမ်းခြင်း မရှိသေးပါဘူး ဆိုတာကို တရားသူကြီး ရှေ့မှာပြုလုပ်ထားတဲ့ "ကျမ်းကျိန်" ပြုလုပ်ရပါတယ်။
ဒီလိုပြုလုပ်ရခြင်းအကြောင်းကတော့ အထွေထွေကိုယ်စားလှယ်လွှဲစာ ပေးသူကိုယ်တိုင် အသက်ထင်ရှားရှိမှ ပေးလို့ရပါတယ်။ GPပေးသူ သေသွားရင်ဖြစ်စေ၊ အထွေထွေကိုယ်စားလှယ်လွှဲစာကို ပေးသူကိုယ်တိုင်က မိမိလွှဲထားတဲ့ ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုတ်သိမ်းသွားရင်ဖြစ်စေ၊ ညီလေးယူထားတဲ့ ကိုယ်စားလှယ်လွှဲစာက ပျက်ပြယ်သွားပါတယ်။ ပါဝါပေးသူသေရင် ပါဝါလည်းလိုက်သေပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာ ယူထားသူများ အနေနဲ့ ကိုယ်စားလှယ်လွှဲပေးသူ "ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ပါစေ"လို့ အမြဲဆုတောင်းပေးဖို့ လိုအပ်ပါတယ်။
သြော်......မေ့နေလိုက်တာ.. သတိရလို့ပြောရဦးမယ်။ အထွေထွေကိုယ်စားလှယ် လွှဲစာ လက်ခံယူသူဟာ ၀ယ်သူနေရာမှာ လက်မှတ်ထိုးလို့ မရပါဘူး။ မှတ်ပုံတင်တဲ့မြေ အရောင်းအ၀ယ်စာချုပ် မှာ ရောင်းသူရောဝယ်သူရော ညီလေးတစ်ယောက်တည်းက လက်မှတ်ထိုးလို့ မရပါဘူး။
ဒါကြောင့် အထွေထွေကိုယ်စားလှယ် လွှဲစာလက်ခံသူဟာ ၀ယ်သူရဲ့ဇနီး ၊ သား/သမီး၊ ညီအစ်ကို မောင်နှမ ၊ ဆွေမျိုးထဲက တစ်ဦးဦးဖြစ်ဖို့ လိုအပ်ပါတယ် လို့ အကြံပေးလိုက်ရပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။