ပြင်ဦးလွင် က ခြံမှာ အိမ်ဆောက်ချင်ပါတယ်၊ အိမ်က ( ပေ၈x ပေ၁၄၀ )လောက်ရှိပါတယ် တခြမ်းမှာတော့ အိမ် ခပ်သေးသေး ဆောက်ထားပါတယ်။ ကျန်တဲ့ တဖက်မှာ ဆောက်ချင်ပါတယ် နောက်မှ ဝယ်ထားတဲ့ အကွက်ပါ။ ဝယ်တုန်းက အရာရှိ တယောက် ဆီက ပါ GP ပဲရထားပါတယ် ခု ဆောက်မယ်ဆိုရင် အမည်ပေါက် လိုပါသလား အခွန်ရောဆောင်ရမှာလား သိချင်ပါတယ်ရှင်၊ ဘယ်လောက် ဆောင်ရမလဲ ကုန်ကျမဲ့ စရိတ်ပါ ခန့်မှန်းသိချင်ပါတယ် ကျေးဇူးပါ ။
မေးသူ - မေမိုးဆွေ အရာရှိတစ်ယောက်ဆီက ၀ယ်တဲ့မြေကွက်က ပါမစ်မြေ ဒါမှမဟုတ် ဂရန်မြေ ဖြစ်တယ်လို့ ညီမက အတိအကျရေးထားတာ မတွေ့ရဘူးနော်။ ထားပါတော့လေ။ ဂရန်မြေ ပဲဖြစ်ဖြစ်၊ ပါမစ်မြေပဲဖြစ်ဖြစ်၊ အမည်ပေါက်ဆီက General Power (GP) ယူထားတယ်ဆိုရင် အမည်ပေါက်ကို ပြန်ခေါ်စရာမလိုပါဘူး။
အခွန်ဆောင်ရတယ်ဆိုတာက သူများဂရန်အမည်ပေါက်မြေကို ကိုယ့်အမည်ပေါက်ပြောင်းရင် ဆောင်ရတာပေါ့။ ပါမစ်မြေ ဆိုရင် ဆောင်စရာမလိုပါဘူး။ ဆောက်လုပ်ခွင့်တင်ပြီး ဆောက်လို့ရပါတယ်။ သူများ အမည်ပေါက်ဂရန်ကို ကိုယ့်ရဲ့ဂရန်အမည်ပေါက် လုပ်ချင်ရင်တော့ အခွန်ဆောင်ရပါတယ်။ အခွန်နှုန်းထားကတော့ မြေကွက်တန်ဖိုး ...သိန်း(၃၀၀)တန်တယ်ဆိုရင် ၁၅%ရာခိုင်နှုန်း ဆောင်ရပါတယ်။ သိန်း(၃၀၀)မှ သိန်း(၁၀၀၀)အထိဆိုရင် ၂၀%ရာခိုင်နှုန်း ဆောင်ရပါတယ်။ သိန်း(၁၀၀၀)အထက်ဆိုရင် ၃၀%ရာခိုင်နှုန်း ဆောင်ရပါတယ်။ အခွန်တံဆိပ်ကောင်း ၀ယ်ရသေးလို့ တံဆိပ်ခေါင်းဖိုး ၄%ရာခိုင်နှုန်း ထပ်ဆောင်းပေးရပါတယ်။ အခွန်ဆောင်ပြီးမှ မြေကွက်အရောင်းအ၀ယ် စာချုပ်ကို စာချုပ်ရုံး မှာ မှတ်ပုံတင် ရပါတယ်။ မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်ပြီးမှ မြေစာရင်းရုံးမှာ အမည်ပြောင်းရပါတယ်။ အဲဒီလို ညီမ အမည်ပေါက်ဖြစ်ပြီးမှ အိမ်ဆောက်လုပ်ခွင့် တင်ရပါတယ်။ ဒါက အမည်ပေါက် ဖြစ်ပြီးမှ အိမ်ဆောက်လုပ်တဲ့ နည်းပါ။
အဲဒီလို ကိုယ့်အမည်မပေါက်ဘဲ၊ သူများအမည်ပေါက် ဂရန်နဲ့လည်း အိမ်ဆောက်လုပ်ခွင့် တင်လို့ရပါတယ်။ အဲဒါဆိုရင်တော့ အခွန်ဆောင်စရာ မလိုပါဘူး။ GP ပါဝါ ရသူက အမည်ပေါက်ကိုယ်စား အိမ်ဆောက်လုပ်ခွင့် တင်လို့ရပါတယ်။ ကုန်ကျစရိတ် ကတော့ ဆောက်လုပ်ခွင့် တင်တဲ့ စရိတ် ပဲလိုပါတယ်။ (အဲ....တစ်ခုတော့မှာလိုက် ရဦးမယ်။ GP ပါဝါက စာချုပ် ရုံးမှာ မှတ်ပုံတင် ထားတဲ့ GPဖြစ်ဖို့ လိုပါတယ်။ နိုတြီ GP ဆိုရင် သုံးလို့မရပါဘူး။) သူများအမည်ပေါက် ဂရန်နဲ့အိမ်ဆောက်ခဲ့ရင် မကောင်းတဲ့အချက်က နောက်မှ မိမိအမည်ပေါက် လုပ်တဲ့အခါ မြေကွက်တန်ဖိုး အပြင် အိမ်ရဲ့တန်ဖိုးကိုပါ ထပ်ဆောင်းပြီး အခွန်ဆောင်ရပါတယ်။ ဒါ့အပြင် GP ပါဝါပေးသူ သေသွားရင် ၊ GPကလည်း လိုက်ပြီး သေသွားပါတယ်။ GPသေသွားပြီး နောက်မှ မိမိအမည်ပြောင်းချင်ရင် သေသူရဲ့ဇနီး/သားသမီး များက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ပြီး ပြန်ရောင်းတဲ့ပုံစံ လုပ်ရပါတယ်။ အဲဒီလို မလုပ်ချင်ဘူးဆိုရင် မှတ်ပုံတင်အရောင်းအ၀ယ် စာချုပ်ကို မှတ်ပုံတင် ချုပ်ဆိုပေးစေလိုမှု ဆိုပြီး ဇနီး/သားသမီးတွေကို တရားစွဲပြီး အနိုင်ဒီဂရီ ရမှ ကိုယ့်အမည်ပြောင်းလို့ ရပါတယ်။
ဒါဟာ ဂရန်အမည်ပေါက်ထံက GP ယူထားသူများ အနေနဲ့ ဂရန်အမည်ပေါက် သေသွားရင် တွေ့ကြုံရတဲ့ အခက်အခဲ ပါ။ အခုပြောပြလိုက်တဲ့ အကြောင်းအရာ ကို သိပြီဆိုရင် ပါမစ်မြေ နဲ့ ဂရန်မြေ ဘယ်လိုကွာခြားတယ်ဆိုတာ ရှင်းသွားလောက်ပြီလို့ ထင်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။