မင်္ဂလာပါ ဆရာ, ရန်ကုန်မြို့ ကျိုက်ဝိုင်းဘုရား အနီးနားမှာ အိမ်ဝယ် ဖို့ ကြည့်တော့ ပိုင်ဆိုင်မှုက ဘိုးဘွားပိုင်ဆိုပေမဲ့ ဘိုးဘွားပိုင် အထောက်အထားမရှိပါဘူး..သူတို့ပြောတဲ့ အရပ်ချုပ်စာချုပ် စာချုပ်အဆင့်ဆင့်ပဲ ပြနိုင်ပါတယ်..အဲ့လိုအိမ်မျိုးဝယ်မယ်ဆိုရင် ဘာမြေအမျိုးအစားခေါ်ဆိုလို့ရပါသလဲ(ဥပမာ လယ်မြေ/ပါမစ်မြေ/ကျူးကျော်လား..စသဖြင့်), ဝယ်ခဲ့ရင် ဝယ်သူဘက်မှ စိတ်ချရပါလား? အထက်ပါ မေးခွန်းနှင့် ပါတ်သက်၍ ပြန်လည်ဖြေကြားပေးပါက ဝမ်းမြောက်စွာ ကျေးဇူးအထူးတင်ရှိပါသည် ။
မေးသူ - မိုးပပသင်း ရန်ကုန်မြို့  ကျိုက်ဝိုင်းဘုရားအနီးက မြေနှင့်အိမ်ဆိုရင် မရမ်းကုန်းမြို့နယ် မှာ ပါမယ်ထင်ပါတယ်။ အင်းစိန်တို့၊သမိုင်းတို့၊ မရမ်းကုန်းတို့ဆိုတဲ့ နယ်မြေတွေမှာ အဲဒီလိုမြေ အမျိုးအစား အများကြီး တွေ့ရတတ်ပါတယ်။ "မမိုးပပသင်း" ဥပမာပြောတဲ့ လယ်မြေလည်း မဟုတ်ပါဘူး။ ပါမစ်မြေလည်း မပေါက်သေးပါဘူး။ ကျူးကျော်မြေလည်း မဖြစ်နိုင်ပါဘူး။ သူတို့ပြောတဲ့ ဘိုးဘပိုင်မြေ အမျိုးအစား ထဲမှာ ပါဝင်နိုင်ပါတယ်။
ရောင်းသူက အရပ်ကတိအရောင်းအ၀ယ်စာချုပ်တွေနဲ့ အဆင့်ဆင့် ၀ယ်ယူနေထိုင်လာကြတာ ဆိုရင် ပိုင်ဆိုင်မှုတော့ မှန်ကန်ကြပါလိမ့်မယ်။ ဒါပေမဲ့ မြေနဲ့ပက်သက်ပြီး ဘယ်သူ့အမည်ပေါက်တယ်၊ ဘယ်လိုမြေအမျိုးအစား ဖြစ်တယ်ဆိုတာကို ဘယ်သူ့ထံမှာ ဘယ်လိုဆက်သွယ်စုံစမ်း ရမယ်ဆိုတာ မသိကြလို့ ဖြစ်မှာပါ။ တကယ်တန်းကျတော့ အဲဒီမြေကွက်ဟာ အစိုးရပိုင်မြေလား၊ ပုဂ္ဂလိက ပိုင်မြေလား ကြိုတင်သိထားဖို့ လိုပါတယ်။
အစိုးရပိုင်မြေ(ဥပမာ။ ။ စက်ရုံမြေ)လို့သိရရင် ဝေးဝေးကရှောင်ပေါ့။ ပုဂ္ဂလိကပိုင်မြေ ဆိုရင်လည်း လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မ-၃၉အရ၊ အိမ်ရာမြေအဖြစ် သတ်မှတ်ပြီး ဖြစ်ရဲ့လား။(အတိုကောက် လ/န-၃၉)လို့ခေါ်ပါတယ်။ ဒါ့အပြင် အမည်ပေါက်သူတို့ရဲ့ နာမည်က ဘယ်သူတဲ့လဲ စသဖြင့် ဒီအချက်တွေကို ကြိုတင်သိရှိအောင် စုံစမ်းရပါမယ်။ စုံစမ်းမယ်ဆိုရင်တော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဋ္ဌာန၊ မြို့မြေစာရင်းဋ္ဌာန မှာ သွားပြီး အကူအညီတောင်းကြည့် သင့်ပါတယ်။ မြို့မြေစာရင်းမှာ ဒါမှမဟုတ် မြို့နယ်မြေတိုင်းဋ္ဌာနမှာ ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။
လ/န-၃၉ အိမ်ရာမြေရရှိပြီ ဖြစ်တဲ့ မြေမျိုးဆိုရင် အရပ်ကတိစာချုပ်ပဲ ဖြစ်နေပါစေ ၀ယ်လို့ရပါတယ်။ "မမိုးပပသင်း"ရဲ့ အမည်ပေါက်ဖြစ်ချင်ရင်တော့ နောက်ဆုံးရောင်းသူနဲ့ စာချုပ်အဆက်အစပ် နဲ့ ရောင်းသူတွေကို တရားစွဲရပါလိမ့်မယ်။ မြေနှင့်အိမ် အရောင်းအ၀ယ်စာချုပ်ကို မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေလိုမှု " တရားစွဲလို့ အနိုင်ဒီဂရီ ရရင် သတ်မှတ်ထားတဲ့ ကာလတန်ဖိုး အခွန်ဆောင်ပြီး စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအ၀ယ်စာချုပ် ကို မှတ်ပုံတင်လို့ ရပါပြီ။ ရောင်းသူအဖြစ် တရားရုံး ဘီးလစ်/တရားသူကြီးက ကိုယ်စားထိုးပေးပါတယ်။ ၀ယ်သူကတော့ ညီမ ဖြစ်သွားပြီပေါ့။ အဲဒီမှတ်ပုံတင် အရောင်းအ၀ယ်စာချုပ် ကြီးရရင် မြို့တော်စည်ပင်မှာ ညီမ နာမည်ပေါက် ပြောင်းပေးပါတယ်။ အဲဒီမြေမျိုးကို လ/န-၃၉ ဘိုးဘပိုင်မြေမျိုးလို့ ခေါ်နိုင်ပါတယ်။ အဲဒီလို မိမိအမည်ပေါက် ဖြစ်သွားရင်တော့ ယခင်က သိန်း(၁၀၀၀)နဲ့ဝယ်ခဲ့ပေမဲ့ ဘိုးဘပိုင် အမည်ပေါက်ဖြစ်သွားရင်တော့ သိန်း(၅၀၀၀)/သိန်း၁သောင်း စသည်ဖြင့် ဈေးကောင်းရနိုင်ပါတယ်ခင်ဗျာ။ ။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။