မြောက်ဒဂုံ ၄၀ရပ်ကွက် ဗိုလ်တေဇလမ်းပါရှင့် / မူရင်းအမည်ပေါက်သူကိုဆက်သွယ်ရန် အခက်အခဲအနည်းငယ်တော့ရှိပါတယ် တွေ့ခဲ့ရင် အမြတ်ခွန်ကို ကျမတို့ဘက်မှဆောင်ပေးမှပြောင်းပေးလိမ့်မယ်ထင်ပါတယ်ရှင့် ၂၀၀၇ လောက်က ၁၃၀နဲ့ ချုပ်ခဲ့တာဆိုတော့ ယခုအမည်ပေါက်ပြောင်းမယ်ဆိုရင် စာချုပ်ပြန်ချုပ်ရမှာလားရှင့် အမြန်ခွန်နည်းအောင်ဘယ်လိုလုပ်လို့ရပါသလဲရှင့် ။
မေးသူ - မသဇင် ဂရန်မြေဖြစ်ရင် ဂရန်မူရင်းအမည်ပေါက်ကို တွေ့အောင်ရှာတာ အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ အရပ်ထဲမှာ ချုပ်ဆိုထားတဲ့ မြေကွက်အရောင်းအ၀ယ် ကတိစာချုပ်ဆိုတာ တစ်ပိုင်းတစ်စ ဆောင်ရွက်ထားတာဖြစ်လို့ မပြီးသေးပါဘူး။ မှတ်ပုံတင်မြေ အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုမှ ပိုင်ဆိုင်မှုခိုင်မာပါတယ်။ မြေကွက်အမည်ပေါက်တွေ့ခဲ့ရင် အမည်ပေါက်ထံက မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာ ယူထားလိုက်ရင် အေးအေးဆေးဆေး အမည်ပြောင်းလို့ရပါတယ်။
ကိုယ်စားလှယ်လွှဲစာယူထားပြီးတဲ့နောက်မှာ ကိုယ်က၀ယ်သူဆိုတော့ ၀ယ်ခွန်ဆောင်ရပါတယ်။ အခွန်ဆောင်ချင်တယ်ဆိုရင် ပထမဦးဆုံး မြို့တော်စည်ပင်မှာ အရောင်းမြေပုံ ကူးရပါတယ်။ အဲဒီအရောင်းမြေပုံရမှ အခွန်ရုံးကိုဆက်လက်တင်ပြရပါတယ်။ အဲဒီလိုတင်ပြတဲ့အခါ ၂၀၀၇ခုနှစ်က အရပ်ကတိအရောင်းအ၀ယ်ကတိစာချုပ်ကို သုံးလို့မရပါဘူး။ (၄)လအတွင်း ချုပ်ဆိုထားတဲ့ မြေကွက်အရောင်းအ၀ယ်ကတိစာချုပ်ကို ကာလတန်ဖိုးနဲ့အညီ ယာယီစာချုပ်ချုပ်ဆိုပြီး တင်ပြရပါတယ်။
"မသဇင်"ရဲ့ မြေကွက်က (၄၀)ရပ်ကွက်မှာ ရှိတယ်ဆိုတော့ ၂၀၁၇-၂၀၁၈ ကာလတန်ဖိုးသတ်မှတ်တဲ့ မြေကွက်စံနှုန်းအရ အတွင်းလမ်းဖြစ်လို့ (40'×60')တစ်ကွက်ကို သိန်း(၃၀၀)ဆောင်ရပါတယ်။ အဲဒါကမြေကွက်ဖိုးပါ။ အိမ်ပါရင်အိမ်ကိုလည်း ကာလတန်ဖိုးသီးသန့်ဖြစ်ပါတယ်။ အမြတ်ခွန်နည်းအောင်၊ အမြတ်ခွန်မဆောင်ချင်ရင်တော့ ငွေဖြူပြရပါတယ်။ ဥပမာ။ ။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုခုမှာလုပ်နေလို့ "ဒေါ်လာ"ရခဲ့ရင် အဲဒီဒေါ်လာရသူတိုင်း အခွန်ဆောင်ပြီးသားဖြစ်လို့ အဲဒီအခွန်စာအုပ်ပြနိုင်ရင် အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။ မေးတာမပြည့်စုံလို့ ဆက်ပြီးရှင်းပြပါ့မယ်။ သက်ဆိုင်ရာမြို့နယ်အခွန်ရုံးမှာ ကာလတန်ဖိုးသတ်မှတ်လိုက်တဲ့ မြေ+အိမ် တန်ဖိုးကို အခွန်ဆောင်ရပါတယ်။ အဲဒီအခွန်ပြေစာရယ်၊မြေဂရန်ရယ်၊ မြေပုံရယ် Special Power တို့ရှိရင် ၀ယ်သူအနေနဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် မြေ+အိမ် အရောင်းအ၀ယ် စာချုပ်လို့ရပါတယ်။ ၀ယ်သူကမသဇင်/ရောင်းသူက SP , Power ရသူက လက်မှတ်ရေးထိုးရပါတယ်။ ရောင်းသူဝယ်သူတွေရဲ့ မှတ်ပုံတင်နဲ့ အသိသက်သေ(၂)ဦးရဲ့ မှတ်ပုံတင်မူရင်းကို ပြသပြီး စာချုပ်စာတမ်းမှူးရှေ့မှာ လက်မှတ်ရေးထိုးလို်က်ခြင်းအားဖြင့် မှတ်ပုံတင် အရောင်းအ၀ယ်စာချုပ် ပြီးသွားပြီပေါ့။
အဲဒီစာချုပ်ရုံးက အရောင်းအ၀ယ်စာချုပ် ရရင် မြို့တော်ခန်းမမှာ သွားပြီး အမည်ပြောင်းလိုက်ခြင်းဖြင့် မိမိအမည်ပေါက် အနှစ်(၆၀)ဂရန်ဖြစ်လာပါတယ်။ ဒါဆိုရှင်းသွားပြီထင်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ဤအိမ်ခြံမြေ မေးခွန်းနှင့် အဖြေများမှာ iMyanmarHouse.com ၏ မူပိုင်ဖြစ်ပါသည်။ iMyanmarHouse.com မှ ခွင့်ပြုချက်မရှိဘဲ မည့်သည့် နေရာတွင်မှ ဖော်ပြခွင့် မပြုပါ။ အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။