10117 ကြိမ် ကြည့်ရှု့ ပြီး

အိမ်၊ ခြံ၊မြေနဲ့ ပတ်သက်သူများ သိထားသင့်တဲ့ ဥပဒေများ (၁)

 

မျက်မှောက်ကာလမှာ ဈေးကစားဆုံးနဲ့ ပြဿနာအများဆုံးဟာလည်းအိမ်၊ ခြံ၊မြေပြဿနာ ပါပဲဖြစ်ပါတယ်။ အိမ်၊ ခြံ၊မြေ ဆိုတာ မရွှ့မပြောင်းနိုင်တဲ့ ပစ္စည်း  Immoveable Property  ဖြစ်တဲ့အတွက် အလွယ်တကူလွှဲ ပြောင်း၊ ရောင်း၊ ငှား၊ ပေါင်နှံ၊ ငှားရမ်း စတဲ့ လက်လွှဲပြောင်းမှုပြုလုပ်လို့ မရနိုင်ပါဘူး။

ဥပဒေအကန့်အသတ်တွေရှိနေပေမယ့် ယုံအောင် ပြောတတ်တဲ့သူတွေကြောင့် ယုံမှတ်လို့ပုံအပ်မိ သူတွေခမြာ အမှုအခင်းဖြစ်ကာ နှစ်ပေါင်းများစွာ ကြာအောင် ရင်ဆိုင်ဖြေရှင်းနေရရှာပါတယ်။ ဒါ့အပြင် မရွှေ့ပြောင်းနိုင်တဲ့ ပစ်္စည်းဖြစ်တဲ့အတွက် လူပုဂ်္ဂိုလ်သက်သေထက်၊ စာရွက်စာတန်းသက် သေခံချက် Documentary Evidence ကပို လို့ခိုင်မာပါတယ်။ အဲဒီလိုခိုင်မာတဲ့သက်သေခံစာရွက်စာတမ်းတွေ တွေ့ရရှိဖို့ဆိုရင် အိမ်၊ ခြံ၊မြေနဲ့ ပတ်သက်ပြီးပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ အညီ ခိုင်ခိုင်လုံလုံ ဆောင်ရွက်ထားဖို့ လိုအပ် ပါ လေတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ အဓိက အိမ်၊ ခြံ၊မြေ ဆိုင်ရာ ဥပဒေတွေကတော့
(၁)၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းနဲ့ပြောင်းခြင်းကို ကန့်သတ် သည့် ဥပဒေ
(၂)ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ
(၃) ၁၉၆၀ ပြည့်နှစ် မြို့ ပြဆိုင်ရာငှားရမ်း ခကြီးကြပ်ရေးဥပဒေ
(၄) မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေ
(၅) မြန်မာနိုင်ငံ တံဆိပ်ခေါင်း ဥပဒေ  (၂၀၁၂)
(၆) တရားမ၀င် ငွေကြေးနှင့် ပစ္စည်းထိန်း ချုပ်ရေးဥပဒေ
စတာတွေပဲဖြစ်ကြပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပ ဒေဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ် နိမိတ်အတွင်းရှိ ပြည်နယ်များနှင့်သာသက်ဆိုင်ပြီး ကျန်ဥပဒေတွေကတော့ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များနဲ့ပါ သက်ဆိုင်ပါတယ်။ ဒါကြောင့် ----ဦးစွာ
““၁၉၈၇ ခုနှစ်၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ သိမှတ်ဖွယ်ရာ”” တွေကို မူရင်း အတိုင်းတင်ပြပေး လိုက်ပါတယ်။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအား ၁၉၈၇  ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၁) အဖြစ်၊ ကောဇာသက်္ကရာဇ် ၁၃၄၈ ခုနှစ်၊ တ ပေါင်းလပြည့်ကျော် (၂) ရက်၊ ၁၉၈၇ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင်ပြဋ္ဌာန်း ပေးခဲ့သည်။ ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေကို ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀ ဖြင့် ကောဇာ ၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်၊ ၂၀၁၃ ခုနှစ်၊မတ်လ ၂၉ ရက်နေ့၌ ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပြီး ခေတ်၊ စနစ်အရလိုက် လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးထားပြီး ဖြစ်သည်။

ထို့ကြောင့် ၁၉၈၇ ခုနှစ် မရွှေ့ပြောင်းနိုင်သော ပစ်္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် မူရင်း ဥပဒေပါသိမှတ် ဖွယ်ရာများအား လက်ဆင့်ကမ်း တင်ပြပေးလိုက်ပါတယ်။
မရွှေ့ပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သက်စာရင်းဥပဒေအခန်း

(၁) စကားရပ်ဖွင့် ဆိုချက်
၁။ ဤဥပဒေကို မရွှေ့ပြောင်းနိုင်သော ပစ်္စည်းလွှဲပြောင်းခြင်းကို ကန့်သက်သည့်ဥပဒေဟု ခေါ်တွင်စေရသည်။
၂။ဤဥပဒေတွင် ပါဝင်သော အောက် ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်--
(က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) နိုင်ငံခြားသားဆိုရာတွင်အောက် ပါတို့ပါဝင်သည်။

(၁) မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ မဟုတ်သောသူ။

(၂) မြန်မာနိုင်ငံသား ဥပဒေအရနိုင်ငံ သား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခြင်း ခံရသူ၊ ရုပ်သိမ်းခြင်းခံရသူ။

(ဂ)နိုင်ငံခြားပိုင် ကုမ္ပဏီဆိုသည်မှာ စီမံ ခန့်ခွဲမှုနှင့် ထိန်းချုပ်မှုသည်နိုင်ငံသားများ၏ လက်ဝယ်တွင်မရှိသော ကုမ္ပဏီ (သို့မဟုတ်) အစုစပ်အဖွဲ့အစည်း၊ နိုင်ငံသားများ၏ အစုရှယ်ယာ အများစုမပါသော ကုမ္ပဏီ (သို့မဟုတ်) အစုစပ် အဖွဲ့အစည်းကိုဆိုသည်။

(ဃ) မရွှေ့ပြောင်းနိုင်သော ပစ္စည်းဆိုသည်မှာ မြေမှ ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ မြေ၌ဆောက်လုပ်ထားသော (သို့မဟုတ်) တည် ရှိသော အဆောက်အအုံနှင့်အရာဝတ္တု များ၊ ယင်းအဆောက်အအုံ၌ တပ်ဆင်ထားသော အရာဝတ္ထုများကို ဆိုသည်။

(င) ပစ္စည်းလွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် လဲလှယ်ခြင်းဆိုသည့် စကားရပ်များသည် ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေတွင်အဓိပ္ပာယ် ဖွင့်ဆိုထားသည့်အတိုင်းဖြစ်သည်။

(စ) ပေးကမ်းခြင်းဆိုရာတွင် လှူဒါန်းခြင်း သို့မဟုတ် ယုံကြည်အပ်နှံခြင်း တို့လည်းပါဝင်သည်။
အခန်း (၂) မရွှေ့မပြောင်းနိုင်သော ပစ်္စည်း နှင့်စပ်လျဉ်း၍ ကန့်သက်ချက်များ
ပုဒ်မ ၃။ မည်သူမျှ နိုင်ငံခြားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီနှင့်ဖြစ်စေ မရွှေ့မ ပြောင်းနိုင်သော ပစ္စည်းကိုရောင်းချခြင်း၊ ၀ယ် ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကိုလက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကိုလက်ခံခြင်း၊ လဲ လှယ်ခြင်း (သို့မဟုတ်) အခြားနည်းတစ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ။

ပုဒ်မ ၄။ မည်သည့်နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ္ပဏီမျှ မရွှေ့ ပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကို လက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကိုလက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) အခြားနည်းတစ် ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်းမပြုရ။မပြုရ။

 

ဦးစွာပထမ အိမ်ခြံမြေသမားတွေ သိရှိထားသင့်ကြတဲ့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ (၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်)ပါ သိမှတ်ဖွယ်ရာ (၁) မှာ ပုဒ်မ (၄) အထိရေးသားတင်ပြထားပြီးဖြစ်တဲ့အတွက် အခန်း(၂)ပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် စပ်လျဉ်း၍ သတ်မှတ်ပြဌာန်းထားတဲ့ ကန့်သတ်မှုတွေကို ဆက်လက်ရေးသား၍ တင်ပြလိုက်ပါတယ်။

ပုဒ်မ (၅)။ ။ မည်သူမျှ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍--(က) နိုင်ငံခြားသား(သို့မဟုတ်) နိုင်ငံခြားပိုင်ကုမ္ပဏီအား အငှားချထားခြင်းမပြုရ။ (ခ) နိုင်ငံခြားသား(သို့မဟုတ်) နိုင်ငံခြားပိုင်ကုမ္ပဏီထံမှ ငှားရမ်းခြင်းမပြုရ။

ပုဒ်မ (၆)။ ။ နိုင်ငံခြားသားတစ်ဦးကွယ်လွန်လျှင်ဖြစ်စေ၊ မည်သူမဆို နိုင်ငံခြားသို့ အပြီးအပိုင်ထွက်ခွာသွားလျှင်ဖြစ်စေ၊ ပြည်နှင်ဒဏ်ချမှတ်ခြင်းခံရလျှင်ဖြစ်စေ၊ ထိုသူပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက ကိစ်္စတစ်ခုချင်းအလိုက် စိစစ်၍လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-

(က) ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ပေးခြင်း
(ခ) ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း

ပုဒ်မ (၇)။ ။ ပုဒ်မ(၆)၊ ပုဒ်မခွဲ(က)အရ သက်ဆိုင်ရာဝန်ကြီးဌာနက အမွေဆက်ခံခွင့် ပေးရန်ဆုံးဖြတ်လျှင် မရွှေ့ပြောင်းနိုင်သောပစ်္စည်းနှင့် စပ်လျဉ်း၍မည်သူကအမွေဆက်ခံရမည်ကို အမွေဆက်ခံမည့်သူအချင်းချင်း သဘောတူညီချက်အရသော်လည်းကောင်း၊ သက်ဆိုင်ရာအမွေဆက်ခံမှု ဥပဒေနှင့် အညီ တရားရုံး၏ဆုံးဖြတ်ချက်အရသော်လည်းကောင်း ဖြစ်စေရမည်။
မှတ်ချက်- ၁၉၄၇ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ်္စည်းလွှဲပြောင်းခြင်း( ကန့်သတ်မှု) ဥပဒေတွင် မရွှေ့မပြောင်းနိုင်သော ပစ်္စည်းကို နိုင်ငံခြားသားတစ်ဦးဦးသို့ လွှဲပြောင်းမပေးရဟု ပြဋ္ဌာန်းထားသော်လည်း နိုင်ငံခြားသားတစ်ဦးဦးသည် ယင်းဥပဒေမပြဌာန်းမီက ပိုင်ဆိုင်ခဲ့သည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို နိုင်ငံသားများသို့ မသမာသောနည်းအမျိုးမျိုးဖြင့် လွှဲပြောင်းပေးနေသည်ကို ပိတ်ပင်ရန် ဖြစ်ပါသည်။
အခန်း (၃) မှတ်ပုံတင်ခြင်း

ပုဒ်မ (၈)။ ။ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ်္ပဏီသည် နိုင်ငံတော်အတွင်းရှိ မိမိပိုင်မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုပစ္စည်းရှိရာ ဒေသနှင့်သက်ဆိုင်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။

ပုဒ်မ (၉)။ ။ ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက နိုင်ငံတော်၏ ပြင်ပတွင်ရောက်ရှိနေသော နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပိုင် ကုမ်္ပဏီကပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သော ပစ်္စည်းနှင့်စပ်လျဉ်း၍ ယင်း၏ကိုယ်စားဆောင်ရွက်သူသည် အဆိုပါပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပစ္စည်းတည်ရှိရာ ဒေသနှင့် သက်ဆိုင်သည့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။

ပုဒ်မ (၁၀)။ ။ ပုဒ်မ (၈) သို့မဟုတ် ပုဒ်မ (၉) အရ မှတ်ပုံတင်ရာတွင် မှန်ကန်မှုရှိ၊ မရှိနှင့် ထိမ်ချန်မှုရှိ၊ မရှိကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးရမည်။
အခန်း(၄) ပြစ်ဒဏ်များ

ပုဒ်မ (၁၁)။ ။ မည်သူမဆို ပုဒ်မ (၄) သို့မဟုတ် ပုဒ်မ (၄)ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ်သုံးနှစ်မှ အများဆုံးထောင်ဒဏ် (၅) နှစ်အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

ပုဒ်မ (၁၂)။ ။ မည်သူမဆို ပုဒ်မ (၅)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အငှားချထားသည့်ကာလအတွက် သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက်မနည်းသော ငွေဒဏ်ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

ပုဒ်မ (၁၃)။ ။ ပုဒ်မ(၈) သို့မဟုတ်) ပုဒ်မ(၉)အရ မရွှေ့မပြောင်းနိုင်သော ပစ်္စည်းကိုမှတ်ပုံတင်ရန် ပျက်ကွက်ကြောင်းသို့မဟုတ် ပုဒ်မ (၁၀)အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စစ်ဆေးရာတွင် မှန်ကန်မှုမရှိခြင်း (သို့မဟုတ်) ထိမ်ချန်ထားကြောင်းတွေ့ရှိရသဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှ အများဆုံးထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျုံးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
အခန်း (၅) အထွေထွေ

ပုဒ်မ (၁၄)။ ။ နိုင်ငံတော်နှင့် သံတမန်အဆက်အသွယ်ရှိသော နိုင်ငံခြားသား သံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ်္ဂအဖွဲ့အစည်းများ၊ အခြားမည်သည့်အဖွဲ့အစည်း (သို့မဟုတ်) ပုဂ်္ဂိုလ်မဆိုကို သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

ပုဒ်မ(၁၅)။ ။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်နှင့် အကျိုးတူကိစ္စရပ်များအတွက်စာချုပ် ချုပ်ဆိုဖွဲ့စည်းထားသော ကုမ်္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းများနှင့် မသက်ဆိုင်စေရ။

ပုဒ်မ (၁၆)။ ။ ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရန် တင်ပြထားသည့် မရွှေ့မပြောင်းနိုင်သော ပစ်္စည်းလွှဲပြောင်းခြင်းနှင့် စပ်လျဉ်းသော စာချုပ်စာတမ်းများကို မှတ်ပုံတင်ခွင့်ပြုသင့်၊ မပြုသင့်နှင့် စပ်လျဉ်း၍ ၀န်ကြီးအဖွဲ့က တာဝန်ပေးအပ်သော ၀န်ကြီးဌာနသည် ကိစ်္စရပ်တစ်ခုချင်းအလိုက် စိစစ်ပြီး အဆုံးအဖြတ်ပေးရမည်။

ပုဒ်မ (၁၇)။ ။ ဤဥပဒေအရ ကျုးလွန်သော ပြစ်မှုများနှင့် စပ်လျဉ်း၍ တရားစွဲဆိုရာ၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရမည်။

ပုဒ်မ (၁၈)။ ။ ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနသည်-
(က) လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ၀န်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်။
(ခ ) လိုအပ်သော အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပုဒ်မ (၁၉)။ ။ အောက်ပါဥပဒေနှင့် နည်းဥပဒေများကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။
(က) The Transfer of Immovable Properts (Restriction) Act, 1947.
(ခ) The Transfer of Immovable Properts (Restriction) Rule, 1956
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ
၁၉၄၇ ခုနှစ်၊ မရွှေ့ပြောင်းနိုင်သော ပစ်္စည်းလွှဲပြောင်းပေးခြင်း (ကန့်သတ်မှု) ဥပဒေတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို နိုင်ငံခြားသားတစ်ဦးသို့ လွှဲပြောင်းပေးခြင်းမပြုရဟု ပြဌာန်းထားသော်လည်း နိုင်ငံခြားသားတစ်ဦးဦးသည် ယင်းဥပဒေမပြဌာန်းမီက ပိုင်ဆိုင်ခဲ့သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို နိုင်ငံခြားသားတစ်ဦးဦးသို့လွှဲပြောင်းပေးခြင်းမပြုရဟု တားမြစ်ထားခြင်းမရှိသည့်အတွက် နိုင်ငံခြားသားများသည် မိမိတို့ပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို နိုင်ငံခြားသားများသို့ မသမာသောနည်းအမျိုးမျိုးဖြင့် လွှဲပြောင်းပေးနေသည်ကို ပိတ်ပင်ရန်ဖြစ်ပါသည်။

မောင်မြတ်မွန် (ဆူးလေ) မှ  iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

အခြား အိမ်ခြံမြေ ဥပဒေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)