လက်ရောက်ရလိုမှုတွင် ဖြစ်ပေါ်လာသည့် ပြဿနာနှင့် ရွေးချယ်မှု - Property Knowledge in Myanmar from iMyanmarHouse.com
682 ကြိမ် ကြည့်ရှု့ ပြီး

လက်ရောက်ရလိုမှုတွင် ဖြစ်ပေါ်လာသည့် ပြဿနာနှင့် ရွေးချယ်မှု

ဗဟုသုတ | Posted by ဇာနည်ကျော် (iMyanmarHouse.com)

ကျွန်တော်၏မိတ်ဆွေဖြစ်သူ ဦးမြတ်သူသည် ကျွန်တော်၏မြို့ထဲရှိ ရုံးခန်းသို ရောက်ရှိလာရင်း သူ၏အဖြစ်အပျက်လေးကို ပြောပြလာ၏။ “ ဒီလိုပါကွာ၊ ကိုယ်က ကိုယ်တို့ရပ်ကွက်ထဲမှာပဲ၊ အိမ်ပါတဲ့မြေကွက်ကို ဝယ်ပါတယ်၊ အဲဒီအိမ်အရောင်းအဝယ်ကို ၊ စာချုပ်စာတမ်းရုံးမှာ ၊ မှတ်ပုံတင်စာချုပ် မချုပ်ရသေးမီမှာပဲ၊ အိမ်ရောင်းသူက အခြားနေရာကို ပြောင်းရွေ့ရန်အခက်အခဲရှိနေသေးတယ်ဆိုလို့၊ ကိုယ်ဆီမှာပဲ အိမ်ငှါးစာချုပ်နဲ့ဆက်ပြီး နေခွင့်တောင်းလို့၊ အချိန်ကာလကို တစ်နှစ်ထားပြီး ငှါးပါတယ်၊ ဒါပေမဲ့ အခုအဲဒီအိမ်ကို ကြိုက်နှစ်သက်တဲ့ ဝယ်လက်က အတင်းတောင်းပြီး ဝယ်နေပါတယ်၊ ကိုယ်လည်း (၂)ဆလောက် မြတ်မှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ အိမ်ရောင်းသူကို ဖယ်ခိုင်းတော့၊ စာချုပ်မပြည့်သေးလို့၊ မဖယ်ပေးဘူးလို့ပါ ” အားငယ်သံဖြင့်ပြောပါသည်။

ထိုအခါ ကျွန်တော်က “ သူငယ်ချင်းတို့ အရောင်းအဝယ် စာချုပ်ကိစ္စကကော၊ စာချုပ်ရုံးမှာ မှတ်ပုံတင်ပြီးပြီးလား ”ဟု မေးရာ ၊ သူက “ ကျန်တဲ့ (၂)ရက်လောက်ကပဲ၊ ပြီးသွားပါတယ် ”၊ “ အဲဒါဘာဖြစ်လို့ မေးတာလဲ သူငယ်ချင်း ”ဟု သူကဆိုသဖြင့်၊ ကျွန်တော်က “ သြော်…..ကိုယ်ပြောချင်တာက ဒီလိုပါ ၊ အဲဒီအရောင်းအဝယ်စာချုပ် မှတ်ပုံတင်ပြီးမှ၊ သူငယ်ချင်းက ပိုင်ဆိုင်သူ ဖြစ်လာမှာပါ၊ ပိုင်ဆိုင်သူ ဖြစ်လာမှလည်း မိမိပိုင်တဲ့ဥပစာကို အခြားသူအား လွှဲပြောင်းခွင့်ရှိမှာပါ ၊ ငှါးနိုင်တယ်၊ ရောင်းနိုင်တယ်၊ ပေးကမ်းနိုင်တယ်ဆိုတဲ့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်”

“ သူငယ်ချင်းက၊ ကိုယ်ဝယ်ထားတဲ့အိမ်ရဲ့ ပိုင်ဆိုင်မှုမှာ ငွေပေးချေပြီးသော်လည်း၊ စာချုပ်ရုံးမှာ မှတ်ပုံမတင်ရသေးရင် ၊ ပိုင်ရှင်ဖြစ်လာမှာ မဟုတ်သေးပါဘူး။ ပိုင်ရှင်မဖြစ်သေးမီမှာပဲ အခြားသူကိုအိမ်ငှါးရမ်းခြင်းဟာလည် တရားမဝင်၊ ပျက်ပြယ်ပါတယ်”

“ အဲဒီဖြစ်စဉ်ကို စီရင်ထုံးနဲ့ ရှင်းပြပါ့မယ်၊ “ ဦးရဲလင်းနှင့် ဦးစိုးတင့် ၊ ၂၀၀၆ ခုနှစ် ၊တရားမအထူး အယူခံမှု ၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၅၃ ” စီရင်းထုံးမှာ၊ မူလရုံးတရားရုံးက တရားပြိုင်ထံမှ မြေနှင့်အိမ်ကို ကတိစာချုပ်အရ ဝယ်ယူခဲ့တယ်။ တရားပြိုင်မှ ပြောင်းရွှေ့ပေးရန် အခက်အခဲရှိ၍ ဝယ်ယူသူ တရားလိုထံမှ ၊ မြေနှင့် အိမ်ကို အငှါးစာချုပ်ချုပ်ဆို၍ ဆက်လက်နေထိုင်တယ်၊ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ချုပ်ဆိုပြီးနောက်၊ တရားပြိုင်က ဖယ်ရှားမပေးသဖြင့်၊ တရားလိုက မြေနှင့်အိမ်လက်ရောက် ရလိုမှု စွဲဆိုရာ ၊ မြေနှင့် အိမ်ငှါးရမ်းခြင်းစာချုပ် ရှိနေသဖြင့်၊ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး ၊ အက်ဥပဒေအရသာ တရားစွဲဆိုရမည်ဆိုခြင်းမှာ မှန်ကန်မှု ရှိမရှိ ဆုံးဖြတ်တဲ့ စီရင်ထုံးတစ်ခု ဖြစ်ပါတယ် ”

“ အမှုဖြစ်စဉ်မှာ၊ မူလရုံး တရားပြိုင်ဦးရဲလင်းက ၊ တရားလို ဦးစိုးတင့်ထံမှ ကုန်ပစ္စည်းများ အကြွေးစနစ်ဖြင့် ဝယ်ရာ၊ ၃၂ သိန်း ပေးရန်ရှိကြောင်း၊ တရားလိုငွေအား ပြန်လည်းပေးရန်နှင့် ၄င်းက ဂရင်းမြန်မာတွင် မြေနှင့်အိမ်ပေါင်းနှံထားသည့်ကြွေးမြီကို ရှင်လင်းရန်နှင့် ၄င်းက ဂရင်းမြန်မာတွင် မြေနှင့်အိမ်ပေါင်နှံထားသည့် ကြွေးမြီးကို ရှင်းလင်းရန်၊ ၄င်းပိုင်ဆိုင်သည့်ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၆/၂ ၊ မြေကွက်အမှတ် ၁၃/ခ၊ မြေအကျယ်အဝန်း ၂၀ပေxပေ၆၀ ရှိ နှစ်(၆၀)မြေဂရန်နှင့် ယင်းမြေပေါ်ရှိ အမှတ် ၁၃/ခ၊ ရတနာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ဟု ခေါ်တွင်သည့် အဆောက်အဦးကို ငွေကျပ်သိန်း ၁၀၀ ဖြင့် အရောင်းအဝယ်ပြုရန် ၊ ကမ်းလှမ်း၍ တရားလိုက သဘောတူပြီး၊ အိမ်နှင့်မြေ အရောင်းအဝယ်ကတိစာချုပ်ကို ၂၄-၈-၂၀၀၁ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြကြောင်း၊ ထို့နောက် ဂရင်းမြန်မာအတွက် ချေးငွေ ၄၈၂၂၅၀၀ ကျပ်ကို စိုက်ထုတ်ပေးချေ၍ ဂရန်နှင့် စာချုပ်စာတမ်း ရွေးနှုတ်ပေးကာ ငွေသာ ၆၇၅၀၀ ကျပ်ကိုလည်း လည်းပေးလိုက်ကြောင်း၊ တရားပြိုင်က ဂရန်မူရင်းနှင့် စာချုပ်စာတမ်း မူရင်းများကို တရားလိုကို ပေးအပ်ခဲ့ကြောင်း ၊ ၃၁-၈-၂၀၀၁ ရက်နေ့တွင် တရားလိုက ကျန်ငွေကျပ်သိန်း ၂၀ ပေးချေသည့်အခါ ၊ တရားပြိုင်မှာ အချင်းဖြစ်အိမ်ကို တစ်နှစ်ငှါးရမ်းသည့် ငှါးရမ်းစာချုပ် ချုပ်ဆိုပေးခဲ့ကြောင်း။ ၂၆-၁၀-၂၀၀၁ ရက်နေ့တွင် အိမ်နှင့်မြေ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အမှတ် ၃၉၁၇/၂၀၀၁ ကို ချုပ်ဆိုခဲ့ကြောင်း၊ တစ်နှစ်ကာလ ကုန်ဆုံးသည့်အခါ တရားပြိုင်က အချင်းဖြစ်မြေနှင့် အဆောက်အဦးကို လက်ရောက်ပေးအပ်ခြင်း မရှိသဖြင့် တရားစွဲရခြင်း ဖြစ်ပါတယ် ”

“ ရန်ကုန်တိုင်း တရားရုံး ၂၀၀၃ ခုနှစ်၊ တရာမကြီးမှု အမှတ် ၂၇၄ တွင် မူလရုံး၊ တရားလို ဦးစိုးတင့်က ဦးရဲလင်းအပေါ် အရောင်းအဝယ် မှတ်ပုံတင်စာချုပ်အမှတ် ၃၉၁၇/၂၀၀၁ အရ ဝယ်ယူပိုင်ဆိုင်သောမြေနှင့် အဆောက်အဦးကို လက်ရောက်လွှဲပြောင်းပေးစေလိုမှု စွဲဆိုရာ အနိုင်ဒီကရီ ရရှိတယ်၊ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ဦးရဲလင်းက မကျေနပ်၍ တရားရုံးချုပ်သို့ အယူခံဝင်ရာ မအောင်မြင်သဖြင့်၊ တရားရုံးချုပ် အထူးခုံရုံးတွင် ပြန်လည်စစ်ဆေးစီရင်ရန် အထူးအယူခံဝင်ခြင်း ဖြစ်ပါတယ် ”

“ ဤတရားမှု အယူခံမှုတွင် ၃၁-၈-၂၀၀၁ ရက်စွဲပါ ငှါးရန်းခြင်းကတိစာချုပ် (သက်သေခံ-င)ကို အကြောင်းပြူ၍ အိမ်ငှါးအဖြစ် ဆက်လက်နေထိုင်သူ၊ မူလရုံးတရားပြိုင်အား၊ ၁၉၆၀ ပြည့်နှစ်မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေလက်ရောက် ရလိုကြောင်း တရားစွဲဆိုခြင်းသည် မှန်ကန်ခြင်းရှိမရှိကို စိစစ်ရန်ဖြစ်ပါတယ်”

၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှါးရမ်းခ ကြီးကြပ်ရေးအက်ဥပဒေနှင့် သက်ဆိုင်သော ဥပစာကို ပြန်လည်သိမ်းပိုက်ရန်အတွက်ဖြစ်စေ ၊ ထိုဥပစာ မှ အိမ်ငှါးကို နှင်ထုတ်ရန်အတွက်ဖြစ်စေ ၊ မည်သည့်အမိန့် သို့မဟုတ် ဒီကရီကိုမျှ ၊ အဆိုပါဥပဒေပုဒ်မ ၁၂(၁) (က)မှ (ခ)ပါ ကိစ္စများတွင်မှ တစ်ပါး ချမှတ်ခြင်းမပြုရဟု ပုဒ်မ ၁၂(၁)တွင် ပြဌာန်းထားပါတယ်။

“ သို့ဖြစ်ရာ အချင်းဖြစ်မြေမှ ၊ မြေငှါးအား ပုဒ်မ ၁၂(၁)တွင် ဖော်ပြထားသည့် ကိစ္စရပ်များမှလွဲ၍ အခြားမည်သည့်ကိစ္စအတွက်နှင့်မျှ နှင်ထုတ်ရန် အမိန့်ချမှတ်နိုင်မည် မဟုတ်ချေဟု “ မောင်လှကြည်နှင့် ဒေါ်ဖွားသင်အမှု ၊ ၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၃၅၈ ” တွင် ဆုံးဖြတ်ထားပါတယ် ”

“ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၀၅ တွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းကို အငှါးချထားခြင်း ဆိုသည်မှာ၊ ထိုပစ္စည်းအကျိုး ခံစားခွင့်ကို အချိန်ကာလသတ်မှတ်၍ဖြစ်စေ၊ ထာဝစဉ်ဖြစ်စေ၊ တန်ဖိုးပေးသည့်အတွက် လွှဲပြောင်းပေးခြင်းဖြစ်တယ်၊ ပုဒ်မ ၁၀၅ အရ ပစ္စည်းကို အငှါးချထားပါက ၊ အငှါးချထားသည့် ပစ္စည်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းလက်ခံရရှိမှသာ ငှါးရမ်းသူ ဖြစ်လာမည်ဖြစ်တယ် ”

“ မူလရုံးတရားလို ဦးစိုးတင့်သည်ဦးရဲလင်းထံမှ အရောင်းအဝယ်ကတိစာချုပ်ဖြင့် အချင်းဖြစ် ဥပစာကို ဝယ်ယူချိန်တွင် ယင်းဥပစာကို လက်ရောက်မရရှိသေးသောကြောင့် ၊ အထက်ဖော်ပြပါ၊ ပစ္စည်းလွှဲပြောင်းခြင်း၊ အက်ဥပဒေပုဒ်မ ၁၀၅ အရ ၊ ယင်းဥပစာ၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းလက်ခံရရှိခဲ့ခြင်း မရှိသဖြင့် ငှါးရမ်းခြင်း၊ စာချုပ်ချုပ်ဆိုသော်လည်း ဦးစိုးတင့်တွင် အငှါးချထားနိုင်သည့် အခွင့်အရေး မရှိပါ ”

“ မူလရုံး တရားလို၊ တရားပြိုင်တို့ အိမ်မြေအရောင်းအဝယ် မှတ်ပုံတင် စာချုပ်မချုပ်ဆိုမီ ငှါးရမ်းခြင်း၊ စာချုပ်ချုပ်ဆိုချိန်တွင် မူလရုံးတရားပြိုင် ဦးရဲလင်းသည် ဥပဒေသဘောအရ အချင်းဖြစ်ဥပစာတွင် ပိုင်ရှင်အဖြစ် ဆက်လက်နေထိုင်ခြင်းဖြစ်ရာ၊ ၄င်းအား ငှါးရမ်းခြင်းနေထိုင်သူအဖြစ် ကောက်ယူ၍ ရနိုင်မည်မဟုတ်ပါ။သို့ဖြစ်၍ မူလရုံးတရားလို ဦးစိုးတင့်နှင့် တရားပြိုင် ဦးရဲလင်းတို့သည် အိမ်ရှင်အိမ်ငှါး ဆက်သွယ်မှု မရှိသည့်အလျှောက် ၊ ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေးအက်ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ရန်အကြောင်းမရှိပေ ” ““ ဤအခြေအနေတွင် လျှောက်ထားခံရသူက လျှောက်ထားသူအပေါ် ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှါးရမ်းခကြီးကြပ်ရေး အက်ဥပဒေအရ၊ တရားစွဲဆိုခြင်း မပြုဘဲ အိမ်မြေအရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးနောက် ပိုင်ရေးပိုင်ခွင့်ကို အကြောင်းပြု၍ ဥပစာလက်ရောက် ပြန်လည်ရယူရန် တရားစွဲဆိုခြင်းသည် ဥပဒေအရ မှန်ကန်ကြောင်း ဆုံးဖြတ်ပြီး ၊ ဤ တရားမ အထူးအယူခံမှုကို စရိတ်နှင့်တကွ ပလပ်လိုက်ပါတယ် ""

“ ဒါကြောင့် ဦးမြတ်သူရေ၊ သူငယ်ချင်းရဲ့ ပြဿနာကတော့၊ ကိုယ်ပြောပြတဲ့ စီရင်ထုံးအတိုင်းသာ ကျင့်သုံးရမှာပေါ့ကွာ ”ဟုသာ အကြံပေးလိုက်ရပါတော့သည်။

Credit: ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine