ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
Amazon ကုမ္ပဏီကြီးသည် နယူးယောက်မြို့တွင် ရုံးချုပ်ဖွင့်ရန် မကြာသေးမီ လပိုင်းက စီစဉ်ခဲ့ရာ၌ မအောင်မြင်ခဲ့ချေ။
ယခုအခါတွင် Amazon တည်ထောင်သူ ဂျက်ဘ်ဘီဇော့စ်မှာ ဇနီးဖြစ်သူနှင့်လမ်းခွဲပြီးနောက်ပိုင်း နယူးယောက်တွင် နေအိမ်ခန်း လိုက်လံရှာဖွေနေသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။
လက်ရှိအားဖြင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ရည်တည်နေသော ဂျက်ဘီဇော့စ်သည် နယူးယောက်မြို့ ၊ Central Park South လမ်း ၊ အမှတ် ၂၂၀ အဆောက်အအုံတွင် နေအိမ်ခန်း လာရောက်ကြည့်ရှုသွားသည်ဟု ဆိုသည်။
အဆိုပါ အဆောက်အအုံကြီးရှိ PENTHOUSE ခန်းတစ်ခန်းကို အီလီနွိုက်စ်ပြည်နယ်၏ အချမ်းသာဆုံး ဘီလျံနာကြီး ကန် ဂရစ်ဖင်းက ကန်ဒေါ်လာ သန်း ၂၄၀ ဖြင့် ဇန်နဝါရီလအတွင်း ဝယ်ယူခဲ့ရာ အမေရိကန်တစ်နိုင်ငံလုံးတွင် ဈေးအကြီးဆုံး အိမ်ခြံမြေအရောင်းအဝယ်အဖြစ် စံချိန်တင်ထားသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/801727 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
ဂျက်ဘီဇော့သည် ယခုအခါ တကိုယ်ရည်တကာယသမားတစ်ဦးဖြစ်သွားပြီဖြစ်သောကြောင့် နေအိမ်သစ်ရှာဖွေနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကလည်း ပြောကြားသည်။
ဂျက်ဘီဇော့ကို Four Seasons ဟိုတယ်တွင် ဧည့်သည်အဖြစ် တည်းခိုနေသည်ကို မကြာသေးမီက တွေ့ခဲ့ရသည်ဟု ဆိုသည်။
ဘီဇော့သည် နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်ရှိ အဆောက်အအုံတစ်လုံးတွင် နေအိမ်ခန်း ၄ ခန်း ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ပြီးခဲ့သောနှစ်အတွင်းက သတင်းမီဒီယာများတွင် ဖော်ပြခဲ့ဖူးသည်။
ဂျက်ဘီဇော့စည် Central Park West လမ်း၊ အမှတ် ၂၅ ရှိ ကွန်ဒိုအဆောက်အအုံတွင် အခန်း ၃ ခန်းကို ၁၉၉၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၆၅ သန်းဖြင့် စတင်ဝယ်ယူခဲ့သည်။
ယင်းနောက်ပိုင်း ၂၀၁၂ ခုနှစ်တွင်လည်း စတုရန်းပေ ၁၇၂၅ အကျယ်အဝန်းရှိသော ကပ်လျက်ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ထပ်မံဝယ်ယူခဲ့သည်။
သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ ဂျက်ဘီဇော့ ယခုကြည့်ရှုသွားသည့်အခန်းမှာ Central Park South လမ်း၊ အမှတ် ၂၂၀ အဆောက်အအုံရှိ အလွှာတစ်ခုလုံးဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သန်း ၆၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။
ဂျက်ဘီဇော့သည် မတ်လကုန်ပိုင်းကလည်း လော့စ်အိန်ဂျလိရှိ ဒေါ်လာ ၈၈ သန်းတန် နေအိမ်ကြီးကို ချစ်သူသစ် လော်ရန်ဆန်းချက်နှင့်အတူ သွားရောက်ကြည့်ရှုခဲ့သေးသည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/814521 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်)
(Central Park South လမ်း၊ အမှတ် ၂၂၀ အဆောက်အအုံကြီး၏ အချက်အလက်များ)
ဆောက်လုပ်သည့်ခုနှစ်- ၂၀၀၈
အမျိုးအစား- ကွန်ဒိုမီနီယံ
ပါဝင်သည့်အခန်းပေါင်း- ၁၁၈ ခန်း
အထပ်အမြင့်စုစုပေါင်း- ၇၀
ပျှမ်းမျှအငှားဈေးနှုန်း- ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၂၂၉
ပျှမ်းမျှ အရောင်းဈေးနှုန်း- ၁ စတုရန်းပေလျှင် ကန်ဒေါ်လာ ၆၆၁၇
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)