ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
Amazon.com တည်ထောင်သူ၊ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဂျက်ဘ် ဘီဇော့စ်သည် ဇနီးနှင့် ကွာရှင်းပြီးနောက် ချစ်သူသစ်နှင့်အတူ လော့စ်အိန်ဂျလိရှိ ဒေါ်လာ ၈၈ သန်းတန်နေအိမ်ကြီးကို ဝယ်ယူရန် တိတ်တဆိတ်ကြည့်ရှုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ဂျက်ဘ် ဘီဇော့နှင့် သူ၏ချစ်သူသစ် လော်ရန် ဆန်းချက်ဇ်တို့၏ အချစ်ရေး သတင်းများသည် ပြီးခဲ့သော ဇန်နဝါရီကတည်းက သတင်းထွက်နေခဲ့ခြင်း ဖြစ်သည်။
ဂျက်ဘ်ဘီဇော့က ၎င်းသည် ဇနီးဖြစ်သူ မက်ကင်ဇီ ဘီဇော့နှင့် ကွာရှင်းပြတ်စဲရန် ဆောင်ရွက်နေကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်းတွင်မူ ချစ်သူမိန်းကလေးနှင့်အတူ နေအိမ်တစ်လုံးကို သွားရောက်ကြည့်ရှုခဲ့ကြောင်း အဆိုပါ မိန်းကလေး (လော်ရန်ဆန်းချက်ဇ်) ၏ အစ်ကိုဖြစ်သူ မိုက်ကယ်ဆန်းချက်က National Enquirer သတင်းစာကြီးသို့ ဖွင့်ထုတ်ပြောပြခဲ့သည်ဟု ဆိုသည်။
ထိုသို့ ဖွင့်ဟပြောကြားမှုကြောင့် မိုက်ကယ်ဆန်းချက်နှင့် သူ၏ညီမ၊ ဂျက်ဘ်ဘီဇော့တို့အကြား ဆက်ဆံရေးတင်းမာနေသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။
လော်ရန်ဆန်းချက်ဇ်မှာလည်း အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင်မူ လော်ရန်ဆန်းချက်သည် ခင်ပွန်းဖြစ်သူ ပက်ထရစ် ဝှိုက်ဆဲလ်နှင့် ကွာရှင်းပြတ်စဲရန် စီစဉ်နေသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်အရပ်ရှိ ကန်ဒေါ်လာ ၈၈ သန်းတန် နေအိမ်ကြီးကို ဝယ်ယူရေးအတွက် ဂျက်ဘ်ဘီဇော့နှင့် လော်ရန်ဆန်းချက်တို့ ကြည့်ရှုနိုင်ရန် မိုက်ကယ်ဆန်းချက်ဇ်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ဂျက်ဘ်ဘီဇော့တို့ စုံတွဲသည် အဆိုပါ ၃ ထပ်အဆောက်အအုံကြီးကို တစ်နာရီခန့် စေ့စပ်စွာ ကြည့်ရှုခဲ့ကြသည်ဟု ဆိုသည်။
အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၅ ခန်းအထိ ပါဝင်သည့် စံအိမ်ကြီးတွင် သစ်ကြမ်းခင်းများ၊ စကျင်ကျောက်ဖြင့် မွမ်းမံမှုများ များစွာတွေ့ရပြီး တောက်ပြောင်ထည်ဝါလှကာ မှန်များအတိပြီးနေသည်။
စားသောက်ရန်နေရာ တွဲဖက်ပါဝင်သည့် ကြီးမားလှသော မီးဖိုဆောင်တစ်ခု၊ ညစာစားခန်း တစ်ခန်း၊ အခန်းအလယ်တွင် တည်ရှိသော ကြီးမားသော လှေကားကြီးတစ်ခု၊ ပန်းချီစတူဒီယိုတစ်ခု၊ ခမ်းနားလှသော ရုပ်ရှင်ကြည့်ခန်း၊ ရေပူစိမ်ကန်တစ်ခု ပါဝင်သည့် spa တို့ ပါဝင်သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၄၉၂၂ အထိ ကျယ်ဝန်းသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)