ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
စစ်ကိုင်းမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ဟိုတယ်ဇုန်နှင့် ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်ရန် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ သည် River View ဟိုတယ်ဇုန် နှင့် ဆိပ်ကမ်းစီမံကိန်းကို စစ်ကိုင်း မြို့ အင်းဝတံတားမှ ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက် နောက်ကြည့်ကျွန်းအထိ အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။
‘‘စစ်ကိုင်းတိုင်းထဲမှာ ဧရာဝတီမြစ် ရှိတယ်၊ ချင်းတွင်းမြစ်ရှိတယ်။ ဒီမြစ်ကြီးကို အသုံးပြုပြီးတော့ ဘာတစ်ခုမှလုပ်ထားတာ မရှိဘူး။ ဧရာဝတီမြစ်ကို အသုံးပြု ပြီးတော့ River View အနေနဲ့ ဟိုတယ်ဇုန်တို့၊ ဆိပ်ကမ်းတို့လုပ် သွားဖို့ ရည်ရွယ်ပါတယ်။ ပုဂ္ဂလိကရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စစ်ကိုင်း ကမ်းနားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာပါ’’ ဟု ဦးကျော်ဝင်းလှိုင်က ပြောသည်။
အထက်ပါ စီမံကိန်းတွင် ဧက ၁၅၀ ခန့်ရှိသော စီမံကိန်းငယ်နှင့် ဧက ၁,၅၀၀ ခန့်ရှိသော စီမံကိန်းကြီးဟူ၍ ရင်းနှီးမြှုပ်နှံ မည့်လုပ်ငန်းရှင်များ၊ တင်ပြမည့် စီမံချက်များအပေါ် မူတည်၍အကောင်အထည်ဖော်ရန်လျာထား ကြောင်း ၎င်းကပြောသည်။
‘‘ ရင်းနှီးမြှုပ်နှံမယ့်လူရဲ့ အစီအစဉ်ပေါ် မူတည်မှာပေါ့။ ဟိုတယ်နဲ့ ဆိပ်ကမ်းအပြင် အိမ်ရာစီမံကိန်း စာသင်ကျောင်းတွေလည်းပါနိုင်တယ်။ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းဖြစ်တဲ့အပြင် စီမံကိန်းက ကြီးတဲ့အတွက် MIC နဲ့ ပြည်ထောင်စုအစိုးရကိုပါ တင်ပြပြီးတော့မှ ဆောင်ရွက်သွားရမှာပါ’’ ဟု ဦးကျော်ဝင်းလှိုင်ကဆိုသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်ရန် လာရောက်စုံစမ်းသည့် ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုအနက် စီမံကိန်းလုပ်ဆောင်ရန် လျှောက်ထားသည့် ကုမ္ပဏီနှစ်ခုသာရှိသေး၍ စိတ်ဝင်စားသည့် ကုမ္ပဏီများ ထပ်လျှောက်ရန် ဖိတ်ခေါ်ထားပြီး စီမံကိန်းအစီအစဉ် ထွက်လာလျှင် အများပြည်သူသိရန် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com