ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်အဆိုတော်၊ သရုပ်ဆောင် ဘင်ခရော့စ်ဘီ၏ ကယ်လီဖိုးနီးယားပြည်နယ်၊ ရန်ချို မိုင်ရေ့ခ်ျနေအိမ်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်လွန်ကာလများအကြား ၎င်းနေထိုင်ခဲ့စဉ် ကာလအတွင်း ပါတီပွဲများစွာ ကျင်းပခဲ့ဖူးသည့်နေရာ ဖြစ်သည်။
အဆိုပါနေအိမ်၏ အနီးဝန်းကျင်တွင် ဖရန့်ခ် စီနာထရာ၊ ဂျင်ဂျာ ရောဂျားစ်၊ လူစီဘောလ်နှင့် ဒေစီ အားနက်ဇ်တို့လည်း နေထိုင်ခဲ့သည်။
ဘင်ခရော့စ်ဘီ၏ စံအိမ်ကြီးအတွက် အထင်ရှားဆုံးဧည့်သည်များကား မာရီလင်မွန်ရိုးနှင့် ဂျွန်အက်ဖ်ကနေဒီတို့ ဖြစ်ကြသည်။
မာရီလင်မွန်ရိုးနှင့် ဂျွန်အက်ဖ်ကနေဒီတို့သည် အဆိုပါနေအိမ်ကြီးသို့တစ်ချိန်တည်းလာရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအကြား အချစ်ရေးဆက်နွှယ်မှုများရှိခဲ့သည်ဟူသော သတင်းများလည်းရှိခဲ့သည်။
ထိုသို့ ချစ်ကြိုက်နေသည်ဟူသည့်သတင်းကို ဂျွန်အက်ဖ်ကနေဒီ၏ ဇနီးဖြစ်သူ ဂျက်ကလင်းကလည်း သိရှိသည်ဟု ဆိုသည်။
ယင်းနေအိမ်ခြံဝန်းအတွင်းရှိ အိပ်ခန်း ၂ ခန်းပါနေအိမ်ကို ဂျွန်အက်ဖ်ကနေဒီအား ဂုဏ်ပြုသောအားဖြင့် ဂျေအက်ဖ်ကေဝင်းဟု အမည်ပေးထားသည်ဟု ဆိုသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၆၇၀၀ ခန့်ရှိပြီး မြေအကျယ်အဝန်းတစ်ဧကကျော်ပေါ်တွင် ဖြန့်ကျက်တည်ရှိသည်။
ဘင်ခရော့စ်ဘီနှင့် ဒုတိယဇနီး ကက်သ်ရင်းတို့အတွက် ၁၉၅၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ တစ်ထပ်နေအိမ်ဖြစ်ကာ master bedroom မှာ စတုရန်းပေ ၁၄၀၀ ခန့်ကျယ်ဝန်းပြီး အခြားသော ရေချိုးခန်းပါအိပ်ခန်း ၄ ခန်း ပါဝင်သေးသည်။
၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ပြီး အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည်ဖြစ်နေပြီး ပထမဆုံးဈေးကွက်တင်ခဲ့သည်မှာ ကန်ဒေါ်လာ ၃ ဒသမ ၄ သန်းဖြင့် ဖြစ်သည်။
အဆိုပါနေအိမ်ကို Airbnb ဝက်ဘ်ဆိုက်မှတစ်ဆင့် ငှားရမ်းတည်းခိုနိုင်ပြီး တစ်ညလျှင် ကန်ဒေါ်လာ ၃၄၀၀ ကျသင့်မည် ဖြစ်သည်။
ယခုအခါ အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅ သန်း ဖြစ်သည်။
ကယ်လီဖိုးနီးယားတောင်ပိုင်း၊ ဆိုနိုရန် သဲကန္တာရအတွင်းရှိ မြို့ကလေးဖြစ်သော နာမည်ကျော် အပန်းဖြေမြို့ Palm Springs အနီးတွင် တည်ရှိသည့် Rancho Mirage မြို့ကလေးတွင် နေအိမ်တည်ရှိကာ Douglas Elliman Real Estate က အရောင်းဈေးကွက်တင်ပေး ခဲ့ခြင်းဖြစ်သည်။
Douglas Elliman Real Estate ၏ အစီရင်ခံစာတစ်ခုအရ စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါနေအိမ်သည် ပြီးခဲ့သော ၆ လအတွင်း နေအိမ်တန်ဖိုး ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဒေသတွင်းရှိ အခြားနေအိမ်များထက် ၇ ဆခန့် တန်ဖိုးများပြားနေသည်ဟုလည်း Douglas Elliman ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)