ဇိမ်ခံဟိုတယ်များ ဆောက်လုပ်သည့် developer ဖြစ်သော ITC Hotels သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ တော်တွင် လူနေမိုးမျှော်တိုက်ကြီး ၂ လုံး ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။
ကန်ဒေါ်လာ သန်း ၄၀၀ ကုန်ကျမည့် အဆိုပါစီမံကိန်းတွင် ၂၂၄ မီတာအမြင့်ရှိကာ Sapphire Residences ဟု အမည်ပေးမည့် မိုးမျှော်တိုက်ကြီးနှင့် ၎င်း၏ကပ်လျက်တွင် ၁၄၀ မီတာမြင့်မားသော ITC One အမည်ပေးမည့် ဟိုတယ်တစ်လုံးတို့ ပါဝင်မည် ဖြစ်သည်။
Sapphire Residences တွင် ဇိမ်ခံလူနေခန်းပေါင်း ၁၃၅ ခန်း ပါဝင်မည်ဖြစ်ပြီး ကပ်လျက်အပြိုင်ဆောက်လုပ်မည့် တာဝါကြီးနှင့် ၁၉ ထပ်၊ ၂၁ ထပ်များမှတစ်ဆင့် အလျား ၅၄ မီတာရှိသော ကောင်းကင်တံတားဖြင့် ဆက်သွယ်ပေးထားမည်ဟု ဆိုသည်။
စီမံကိန်းတည်နေရာမှာ ကိုလံဘိုမြို့ တော်၏ နာမည်ကျော် Galle Face အရပ်တွင် တည်ရှိမည် ဖြစ်သည်။
ကိုလံဘိုမြို့၊ Galle Face လမ်းမကြီးပေါ်တွင် တည်ရှိပြီး ၅ ဒသမ ၈၇ ဧကပေါ်တွင် အကောင်အထည်ဖော်နေသည့် အဆိုပါစီမံကိန်းကြီး၏ ITC One အဆောက်အအုံကြီးတွင် တစ်ကြိမ်တည်းဖြင့် ကွန်ကရစ်ကုဗမီတာ ၆၅၀၀ သွန်းလောင်းခဲ့မှုမှာ စံချိန်တင်ထားသည်။
ITC One ဟိုတယ်တွင် အခန်းပေါင်း ၃၅၀ ပါဝင်မည်ဖြစ်ပြီး လူနေတာဝါနှင့် ဟိုတယ်တာဝါ နှစ်ခုကို ဆက်သွယ်ပေးမည့် ကောင်းကင်တံတားတွင် ရေကူးကန်တစ်ခုလည်း ထည့်သွင်းမည်ဟု ဆိုသည်။
ITC Hotels သည် အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ဟိုတယ်အုပ်စုကြီးဖြစ်ပြီး ဟိုတယ်ပေါင်း ၁၀၀ ကျော် လုပ်ကိုင်လည်ပတ်လျက် ရှိသည်။
ITC လိမိတက်သည် ချင်းနိုင်းမြို့တွင် ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၈ ရက်တွင် ဟိုတယ်တစ်ခု ဖွင့်လှစ်ကာ ဟိုတယ်လုပ်ငန်းနယ် သို့ စတင်ဝင်ရောက်ခဲ့သည်။
၂၀၀၆ ခုနှစ်အချက်အလက်များအရ ITC Limited သည် နေရာပေါင်း ၇၅ နေရာတွင် ဟိုတယ်ပေါင်း ၁၀၀ ခန့် ပိုင်ဆိုင်လည်ပတ် လုပ်ကိုင်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)