မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချေးငွေသတင်းအချက်အလက်ဌာန တည်ထောင်ခွင့်လိုင်စင်ကို Myanmar Credit Bureau Limited အား မေလ ၁၇ ရက်နေ့က စတင်ချပေးလိုက်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ချေးငွေသတင်းအချက်အလက်ဌာန တည်ထောင်ခြင်းဖြင့် ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများက အာမခံပစ္စည်းရယူ၍ ချေးငွေထုတ်ချေးသည့် စနစ်တစ်ရပ်တည်းအပေါ် မှီခိုမှုကို လျှော့ချသွားနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေနှင့်လည်း ချေးငွေရရှိနိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“လုပ်ကိုင်ခွင့်စရပြီဆိုတော့ စင်တာကြီးထူထောင်ဖို့ မြေနေရာရှာရမယ်။ တည်ဆောက်ဖို့ စလုပ်ရမယ်”ဟု Myanmar Credit Bureau ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခရက်ဒစ်ဗျူရို လုပ်ငန်းလိုင်စင်အတွက် ဗဟိုဘဏ်ထံသို့ ယခင်နှစ် မေလပိုင်းလောက်က လျှောက်လွှာတင်ထားခဲ့ပြီး လုပ်ငန်းစတင်လျှင် အဆင်သင့်ဖြစ်စေရေးအတွက် ဘဏ်များထံမှ ငွေချေးသူ၏ အချက်အလက်အသေးစိတ်စာရင်းကို ဗဟိုဘဏ်က ကူညီပေးမည်ဖြစ်ကြောင်း ခရက်ဒစ်ဗျူရို စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
အဆိုပါ ခရက်ဒစ်ဗျူရိုလုပ်ငန်းအား လုပ်ကိုင်ရန် မြန်မာနိုင်ငံဘဏ်များအသင်းနှင့် စင်ကာပူအခြေစိုက် ASIA Credit Bureau တို့ပူးပေါင်း၍ ဗဟိုဘဏ်ထံ လုပ်ငန်းလိုင်စင် တင်ထားခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှသိရသည်။
အိမ်နီးချင်းနိုင်ငံအများစုတွင် ခရက်ဒစ်ဗျူရို တည်ဆောက်ထားသည့်အတွက် ချေးငွေရရှိမှုမှာ မြန်မာနိုင်ငံထက်အဆင့် ကောင်းကြောင်း၊ ပြည်တွင်းတွင်မူ လူအယောက် ၁၀၀ တွင် ၂၀ သာ ဘဏ်ဝန်ဆောင်မှုရသည့်အတွက် ချေးငွေရရှိရန် လိုအပ်နေသေးကြောင်း ThitsaWorks ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးညီငြိမ်းအေးက ပြောကြားသည်။
ခရက်ဒစ်ဗျူရို လုပ်ကိုင်ခွင့်ရရှိလာသည့်အတွက် ကမ္ဘာ့ဘဏ်ကထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရလွယ်ကူသည့် စာရင်းတွင် မြန်မာနိုင်ငံမှာ အဆင့်တက်လာနိုင်ပြီး အိမ်ရာချေးငွေပေးရာတွင်လည်း ကနဦးပေးသွင်းငွေ ရာခိုင်နှုန်းများကို လက်ရှိထက် လျှော့ချနိုင်မည်ဖြစ်ကြောင်း ဘဏ်လောက အသိုင်းအဝိုင်းထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဧပြီလ ၁၇ ရက်နေ့က ပြောကြားခဲ့သည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင်လည်း အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးရာတွင် မြန်ဆန်စေရန် ယင်းလုပ်ငန်းများ၏ ယုံကြည်စိတ်ချရမှုရှိစေရေးအတွက် သတင်းအချက်အလက် စုဆောင်းသည့် အဖွဲ့အစည်း (Credit Bureau) ထူထောင်ခွင့်ကို တစ်လအတွင်း ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Credit: The Voice