ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
933 ကြိမ် ကြည့်ရှု့ ပြီး

ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ်

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

ဂျနီဖာအန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဂျပ်စတင် သီရော့ဇ်တို့သည် လော့စ်အိန်ဂျလိမြို့ ၊ ဘဲအဲရ်အရပ်ရှိ ယခုနေအိမ်ကို အတွင်းပိုင်း အလှဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။

ဂျနီဖာအန်နစ္စတန်သည် ၂၀ ရာစုအလယ်ပိုင်းဗိသုကာဟန်များကို နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး ယခုနေအိမ်မှာ ၁၉၆၅ ခုနှစ်က ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။

အန်နစ္စတန်သည် ယခုနေအိမ်ကို ၂၀၁၁ ခုနှစ်တွင် ဝယ်ယူခဲ့ရာ ဗိသုကာပညာရှင် ဖရက်ဒရစ် ဖစ်ရှာက ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးပြီး မကြာမီတွင် ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် နေအိမ်၏ ရှိရင်းစွဲ အပြင်အဆင်ဟန်များကို အရသာမတွေ့ကြောင်း အန်နစ္စတန်က ပြောကြားခဲ့သည်။
“ရသဗေဒအမြင်နဲ့ ပြောရမယ်ဆိုရင်တော့ ဒီအိမ်ရဲ့  အပြင်အဆင်က ကျွန်မလိုချင်တဲ့ ပုံစံမျိုးနဲ့ တော်တော်ဝေးပါတယ်” ဟု အန်နစ္စတန်က ဆိုသည်။
ထို့ကြောင့် ဂျနီဖာအန်နစ္စတန်သည် အတွင်းပိုင်း ဒီဇိုင်နာ စတီဖန် ရှက်ဒလေကို ခေါ်ယူကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်လျက်ရှိခြင်း ဖြစ်သည်။

ရှက်ဒလေက ပြောကြားရာတွင် အန်နစ္စတန်သည် သစ်၊ ကျောက်တုံးနှင့် ကြေးတို့ဖြင့် မွမ်းမံခြင်းကို နှစ်ခြိုက်သူတစ်ဦးဖြစ်ကြောင်းလည်း ပြောကြားသည်။
နေအိမ်တွင်းတွင် ရာစုခေတ်လယ်သုံး ပရိဘောဂများ၊ ရှေးဟောင်းဂျပန်ရိုးရာအသုံးအဆောင်များ၊ ကွန်ကရစ်ကြမ်းပြင်များမှာ ခမ်းနားစွာ ခေတ်သစ်နှင့် ခေတ်ဟောင်းပေါင်းစည်းတည်ရှိသည်။

ခြံဝန်းနောက်တွင် တစ်ချိန်က စပျစ်ခင်းတစ်ခု ရှိခဲ့ဖူးသည်။
ယနေ့တွင်မူ ပန်းဥယျာဉ်များ၊ လသာဆောင်များဖြင့် အသွင်ပြောင်းလဲထားသည်။ဂျနီဖာအန်နစ္စတန်တို့ ဇနီးမောင်နှံသည် အဆိုပါခြံဝန်းအတွင်း ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ဂျနီဖာ ဂျိုအန်နာ အန်နစ္စတန်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် မွေးဖွားသည်။ဖခင်ဖြစ်သူမှာ ဂရိရုပ်ရှင်သရုပ်ဆောင် ဂျွန် အန်နစ္စတန်ဖြစ်ပြီး မိခင်မှာ အမေရိကန်မင်းသမီး နန်စီဒေါင်ဖြစ်သည်။

၁၉၉၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အကြား ထုတ်လွှင့်ပြသခဲ့သည့် Friends ဇာတ်လမ်းတွဲတွင် ရေချယ်ဂရင်းအဖြစ် ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာသိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် Hollywood Walk of Fame ၌ ဖော်ပြခြင်းခံခဲ့ရသည်။

ဟောလိဝုဒ်တွင် သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသမီးများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၇ ခုနှစ် အချက်အလက်များအရ သူ၏ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်ဖြစ်သည်ဟု ခန့်မှန်းထားကြသည်။

ကမ္ဘာပေါ်တွင် အလှဆုံးအမျိုးသမီးအဖြစ် မဂ္ဂဇင်းများစွာတွင် ဖော်ပြခံခဲ့ရသည်။
ကမ္ဘာကျော်သရုပ်ဆောင် ဘရက်ပစ်နှင့် ၅ နှစ်ခန့် လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် ကွာရှင်းပြတ်စဲကာ သရုပ်ဆောင် ဂျပ်စတင် သီရော့ဇ်နှင့် ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
ဂျနီဖာ အန်နစ္စတန်နှင့် ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဂျပ်စတင်သီရော့ဇ်တို့၏ နေအိမ် မူလဒီဇိုင်းလက်ရာများကို မကြိုက်သောကြောင့် ဒီဇိုင်နာတစ်ဦး ခေါ်ယူကာ အတွင်းပိုင်းမွမ်းမံမှုများ ပြုလုပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ခြံမြေလောက ပြောင်းလဲတော့မည်လား ( ရန်ကုန်တိုင်းဝန်ကြီးချုပ် နှင့် ဆောက်လုပ်ရေးလောက ဆွေးနွေးချက်များ)...
ခိုင်မာတဲ့ စုပေါင်းပိုင် အဆောက်အအုံ ပြုလုပ်လိုပါသလား
ရန်ကုန်ရေမြောင်းစနစ်နဲ့ အများပိုင်အဆောက်အအုံတွေ အဆင့်မြင့်တင်မည်
နေအိမ်ရှေ့တွင် မီးပြတိုက်ငယ်တစ်ခု ပါဝင်သည့် လှေပုံသဏ္ဍာန်ဆောက်လုပ်ထားသော နေအိမ်အရောင်းဈေးကွက်ဝင်လာ ( ဆန်းဆန်းပြားပြား ကမ္ဘာ့နေအိမ်များ)...
ပွဲဆူနေသော အခွန်ဥပဒေမူကြမ်း
အမေရိကန်တွင် မိန်းကလေးကင်းထောက်လူငယ်များစခန်းချရာ ဧက ပေါင်း ၃၀၀ နီးပါးကျယ်ဝန်းကာ နှစ်ပေါင်း ၄၀ ခန့်အထိ ခုတ်ယူရောင်းချနိုင်မည့် ကျွန်းတောပါဝင်သည့် ယာတောခြံကြီး အရောင်းဈေးကွက်ဝင်လာ...
ပဲခူးတိုင်းအစိုးရဖွဲ့ထားသော တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ကို ရပ်ဆိုင်း...
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ်ရှိ သိမ်းငှက်ကျွန်း ရောင်းချမည် (အရောင်းဈေးကွက်ဝင်လာသည့် ကျွန်းများ)...
ဝင်ငွေကျပ်သုံးသိန်းရှိသူများ အိမ်ဝယ်နိုင်ရန် အစိုးရစီစဉ်
လမ်းမကြီးသုံးခုနှင့် လမ်းတစ်လျှောက်မြို့များဖွံ့ဖြိုးရေး ပြည်ပမှ ဒေါ်လာသန်း ၄၄၀ ချေးရန် လွှတ်တော်သို့တင်ပြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine