စင်္ကာပူအစိုးရသည် ၂၀၁၆ ဒုတိယနှစ်ဝက်အတွက် အစိုးရမြေယာရောင်းချရေးအစီအစဉ်အရ လေလံတင်ရောင်းချရာတွင် ဖန်းဗေးလ်လမ်းမကြီးပေါ်ရှိ မြေကွက်တစ်ကွက်အတွက် ပြိုင်ဆိုင်မှုအလွန်ပြင်းထန်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါမြေကွက်သည် မဟာဗျူဟာကျသော နေရာတွင်တည်ရှိပြီး သန်ဂမ်ဘူတာရုံ၊ ဆန်ကန် မြစ်ကမ်းဘေးပန်းခြံ၊ ဆီလီတာဈေးဝယ်စင်တာတို့အနီးတွင် တည်ရှိသည်။
အကျယ်အ၀န်း ၁၇၁၉၆ စတုရန်းပေရှိသော ယင်းမြေကွက်အတွက် developer ၁၀ ဦးနှင့်အထက် ၀င်ရောက်ယှဉ်ပြိုင်ကြဖွယ်ရှိနေသည်။
အဆိုပါမြေကွက်အတွက် လေလံဆွဲရာတွင် စင်္ကာပူဒေါ်လာ ၂၄၄ သန်း (ကန်ဒေါ်လာ ၁၈၁ သန်း) မှ စင်္ကာပူဒေါ်လာ ၂၇၂ သန်း (ကန်ဒေါ်လာ ၂၀၂ သန်း) အထိ ရောက်ရှိသွားဖွယ်ရာရှိကြောင်း ခန့်မှန်းထားကြသည်။
“ပြီးခဲ့တဲ့ ရောင်းချမှုတွေမှာ လေလံမအောင်လိုက်ကြတဲ့ developer တွေက ဒါကိုပိုပြီးအာရုံထားလာနိုင်ပါတယ်” ဟု လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ CBRE ၏ စင်္ကာပူနှင့် အရှေ့တောင်အာရှဆိုင်ရာ သုတေသနဌာနအကြီးအကဲ ဒက်စ်မွန်ဆင်မ်က ပြောကြားသည်။
အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ Jones Lang LaSalle မှ စင်္ကာပူဒါရိုက်တာ အန်းတက်ခ်ဟွေကလည်း အဆိုပါမြေကွက်မှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ယင်းမြေကွက်ဝန်းကျင်တွင် ကွန်ဒိုမီနီယံများ ၀န်းပတ်တည်ရှိခြင်းကြောင့်လည်း developer တို့ စိတ်ဝင်စားမှု မြင့်တက်ရခြင်းလည်း ဖြစ်သည်။
ယခုနှစ် ပထမ ၇ လတာအတွင်း ဖန်းဗေးလ်လမ်းမကြီးပေါ်ရှိ မြေများကို ရောင်းချခဲ့ရာတွင် စတုရန်းတစ်ပေလျှင် စင်္ကာပူဒေါ်လာ ၉၇၀ (ကန်ဒေါ်လာ ၇၂၂) မှ စင်္ကာပူဒေါ်လာ ၁၀၆၀ (ကန်ဒေါ်လာ ၇၈၉) အကြား ရောင်းချခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)