၂၀၁၆ခုနှစ်အတွင်းကမ္ဘာလုံးဆိုင်ရာအိမ်ခြံမြေဈေးကွက်တွက်ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းအားဖြင့်ကန်ဒေါ်လာ ၁ ထရီလီယံကျော် ရောက်ရှိဖွယ်ရှိကြောင်းအိန္ဒိယအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါခန့်မှန်းချက်ကိုအိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ဖြစ်သော CBRE ၏ လေ့လာမှုတစ်ရပ်တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီးယခင် ၂၀၁၅ ခုနှစ်ထက် ၆ ရာခိုင်နှုန်းကျော် မြင့်တက် လာမှုလည်း ဖြစ်သည်။ CBRE သည် အိမ်ခြံမြေပိုင်ရှင် များနှင့် ရင်းနှီးမြှုပ်နှံသူများ အား ၀န်ဆောင်မှုမျိုးစုံပေးသည့် အဖွဲ့အစည်းဖြစ်သည်။
CBREသည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိ တွင် အခြေစိုက်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၆၀ ကျော်တွင် ရုံးခွဲပေါင်း ၂၅၀ ကျော်ရှိသည်။
“တစ်ကမ္ဘာလုံးကအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေဟာ ၂၀၁၆ ခုနှစ်အတွင်းမှာလည်း ကြီးကြီးမားမားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နေပါတယ်။ ကန်ဒေါ်လာ ၁ ထရီလီယံကျော် ရင်းနှီးမြှုပ်နှံဖွယ်ရာရှိတဲ့အတွက် ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်”ဟုယင်းအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။
မြောက်အမေရိကသည် အိမ်ခြံမြေကဏ္ဍ ရင်းနှီးမြှုပ်နှံသူတို့၏ အဓိကဦးတည်ရာဖြစ် လျက်ရှိပြီးမြောက်အမေရိကတွင် ရင်းနှီးမြှုပ်နှံမှုမှာ ၄၈ ရာခိုင်နှုန်းအထိရှိသည်။
မြောက်အမေရိကပြီးနောက် ရင်းနှီးမြှုပ်နှံသူများပြား သည်မှာအနောက်ဥရောပဖြစ်ပြီး ၂၆ ရာခိုင်နှုန်းရှိသည်။
ရင်းနှီးမြှုပ်နှံသူများအခြားနှစ်သက်သည့် နေရာများမှာလန်ဒန်၊ လော့စ်အိန်ဂျလိနှင့် ဆစ်ဒနီတို့ ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)