ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လုံးဝပျက်စီးသွားသော အိမ်ခြေ (၁၀၀၀) ကျော်အား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြန်လည် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ရခိုင်ပြည်နယ်မှာ ရေဘေးကြောင့် အိမ်တွေပျက်တာ ရှိတယ်။ ပြိုတာရှိတယ်။ လူနေထိုင်လို့ မရအောင် လုံးဝပျက်စီးသွားတာ ရှိတယ်။ အဲသလိုခွဲပြီးတော့ လုပ်ဆောင်တဲ့အခါ လုံးဝပြင်ပေးဖို့က ထောင်ဂဏန်းပဲ ရှိတယ်။
ကျန်တာတွေ အကုန်လုံးက ပြန်ပြင် ပြီးသွားပြီး”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်းဦးစီးဌာန အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
ထိုသို့ ပြန်လည် တည်ဆောက်ပေးရာတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မြောက်ဦး မြို့နယ်၊ ကျောက်တော်မြို့နယ်တို့ရှိ လူနေထိုင်၍ မရတော့သည့် အိမ်ခြေများကို အောက်တိုဘာလကုန်မှ စတင်ကာ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“အခုလောလောဆယ် အလှူရှင်တွေရဲ့ အစီအစဉ်နဲ့ ဆောက်နေတယ်။ ဆက်ဆောက်နိုင်ဖို့က ပြည်နယ်အစိုးရကနေ သမ္မတကြီးဆီက သီးသန့်ရန်ပုံတွေ တောင်းထားတယ်”ဟု ဦးတင်မောင်ဆွေက ပြောသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်၊ သြဂုတ်လများက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ
ဖြစ်ပေါ်ကာ လူဦးရေ (၆၂) ဦး သေဆုံးခဲ့ပြီး အိမ်ခြေ (၃၀၀၀၀) ကျော် ပျက်စီးခဲ့ရာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် အဆိုးရွားဆုံး ဖြစ်ပွားခဲ့သည်။
Credit: Messenger