၂၀၁၆ နွေဦးရာသီတွင် ရှန်ဟိုင်း၌ ဒစ္စနေ ကစားကွင်း ကျေးရွာကြီး ဖွင့်လှစ်နိုင်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ (၂၄)နာရီ ပတ်လုံး လုပ်ကိုင်နေသည်။ ဒစ္စနေ ကစားကွင်းကြီးသည် တရုတ်တွင် လာမည့် ငါးနှစ်အတွင်း ဆောက်လုပ်မည့် အပန်းဖြေ ကစားကွင်းသစ် (၆၀) နီးပါးအနက် တစ်ခုသာ ရှိသေးသည်။
ရှန်ဟိုင်း တစ်မြို့တည်းမှာပင် ၂၀၁၈ ခုနှစ် ရောက်သည့်အခါ နောက်ထပ် အပန်းဖြေ ကစားကွင်းကြီးနှစ်ခု တိုးလာလိမ့်ဦးမည်။ Dreamworks ၏ ဒေါ်လာသန်း (၂၄၀၀) တန် ကစားကွင်း ကျေးရွာကြီးနှင့် ကမ္ဘာ့အရှည်လျားဆုံး နှင်းလျှောစီး လမ်းကြောင်း ပါဝင်မည့် ဒေါ်လာ သန်းကိုးရာတန် နှင်းလျှောစီး စခန်းကြီးလည်း တည်ဆောက်သွားမည် ဖြစ်သည်။
မြို့တော် ပေကျင်းသည်လည်း နောက်ကောက်ကျမနေဘဲ ၂၀၁၉ တွင် Universal Studios ၏ ဒေါ်လာသန်း (၃၃၀၀) တန် အပန်းဖြေ ကစားကွင်းကြီး အပြီး တည်ဆောက်မည်။ တရုတ်သည် အခြားသော ဈေးကွက်စီးပွား ကဏ္ဍများ တိုးတက်နှုန်း ကျဆင်းလာနေချိန်တွင် ပြည်တွင်းခရီးသွားနှင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများ အရှိန်မြှင့်နိုင်ရန် အတွက် အပန်းဖြေ ကစားကွင်းကြီးများကို အရှိန်မြှင့် တည်ဆောက်လျက်ရှိသည်။
ဟန်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့သည် ဒေါ်လာတစ်သန်းတန် Hello Kitty Land ကစားကွင်းသည် ဇူလိုင်လက ဖွင့်ပွဲနေ့မှာပင် လူတစ်သောင်းကျော် ၀င်ရောက်ခဲ့သည်။ ၀ူဟန်မြို့တွင် Wanda Movie Park ကိုလည်း ပြီးခဲ့သည့်နှစ်က ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲနေ့၌ လူပေါင်း (၁၂၀၀၀) ကျော် ၀င်ရောက်ခဲ့သည်။ Wanda Movie Park ကိုစီမံခန့်ခွဲနေသည့် Wanda Movie ကုမ္ပဏီသည် နောက်ထပ် ဒေါ်လာဘီလီယံ (၅၀) ကျော် ရင်းနှီးမြှုပ်နှံကာ တရုတ်နိုင်ငံ တစ်ဝန်း အပန်းဖြေ ကစားကွင်းကြီး ဆယ်ခုခန့် ထပ်ဖော်ဆောင် သွားဦးမည် ဖြစ်ကြောင်း သိရသည်။
Credit: messenger