ကောင်းကင် ရေကူးကန်ဟု နာမည် ပေးထားသည်။ တိုက်နှစ်လုံး ဆယ်ထပ် အမြင့်ကနေ ဟိုဘက်ဒီဘက်ဆက်ပြီး တည်ဆောက်မည့် ကမ္ဘာ့ပထမဆုံး ရေကူးကန် အမျိုးအစားဖြစ်လာမည်။
ရေကူးကန် ကြမ်းပြင်နှင့် ဘေးဘောင်များကိုလည်း ဖန်သားပြင် အကြည်ဖြင့်လုပ်ထားမည်မို့ ရေကူးသူသည်
ကောင်းကင်ပေါ် လွင့်မျော နေသည့် ခံစားချက် ရရှိမည်။
မိမိအောက် (၃၅) မီတာက လမ်းသွား လမ်းလာများကိုလည်း ရေကူးရင်း ငုံ့ကြည့်နိုင်မည်။ အောက်က ကြည့်ရသူများလည်း ပကတိရေထုကြီးကို ကောင်းကင်ပေါ်တွင် မြင်ရမည်။
အက်ပဲစတိုးများကို တာဝန်ယူ ဒီဇိုင်း ထုတ်ပေးနေသော Eckersley O'Callaghan ကုမ္ပဏီက ဒီဇိုင်းထုတ်မည် ဖြစ်သည်။ ၂၀၁၉ နွေရာသီတွင် အပြီးသတ် တည်ဆောက်ရန် လျာထားသည်။
(၁၀) ထပ်တိုက်နှစ်လုံးသည် အုတ်မြစ်စနစ် ပုံစံသီးခြားစီ ဖြစ်နေသောကြောင့် အဆောက် အဦးထိပ်ပိုင်း လှုပ်ရှားမှုချင်းလည်း ကွဲပြားနေသဖြင့် တိုက်နှစ်လုံး လှုပ်ရှားမှုကို အလိုက်သင့်ချိန်ညှိလှုပ်ရှားနိုင်မည့် ရေကူးကန် ဒီဇိုင်းမျိုးဖြစ်အောင် စမ်းသပ် ဖန်တီးလျက် ရှိသည်။
ရေကူးကန်သည် ဖန်သား အကြည်ရောင် ဖြစ်သော်လည်း သမားရိုးကျ ဖန်သားမျိုး မသုံးဘဲ အလင်းဖောက်ထွင်းအား ပိုကောင်းသည့် အခရိုင်းလစ် ပလတ်စတစ်သားကို သုံးမည်ဟု Eckersley O'Callaghan က ပြောသည်။
အခရိုင်းလစ်၏ အလင်းယိုင် ညွှန်းကိန်းသည် ရေထုအလင်း ယိုင်ညွှန်းကိန်းနှင့်လည်း နီးစပ်သဖြင့် ထိုအသားဖြင့် တည်ဆောက်ပါက မှန်သား တစ်ဆင့်ခံ မြင်ရခြင်းထက်ပင် ပိုသဘာဝကျကာ ရေထုကြီးအတိုင်း လှုပ်ရှားနေသည်ဟု မြင်တွေ့ ခံစားကြရမည် ဖြစ်သည်။
Credit: Messenger