ဗဟုသုတ | Posted by ရွှေစင်ဝင်း
မြေအသုံးချမှု အမျိုးမျိုးရှိရာ စိုက်ပျိုးရေးအတွက် အသုံးပြုသော စိုက်ပျိုးမြေ (ဆန်၊ ဂျုံ ၊ ဝါ၊ ပြောင်း၊ ဟင်းသီးဟင်းရွက်)၊ မွေးမြူရေးအတွက် အသုံးပြုသော ( ကျွဲ၊ နွား၊ ကြက်၊ ငါးကန် )မြေ ၊ မြို့ပြနှင့် အခြေခံ အဆောက်အအုံများအတွက် အသုံးပြုသော (အိမ်ရာ၊ တိုက်ခန်း၊ ရုံး၊ ဈေးဆိုင် ) မြေ ၊ စက်မှုဇုန်မြေ၊ ရွာမြေ၊ သာသနာ့မြေ၊ စားကျက်မြေ၊ သတ္ထုတွင်းမြေ၊ ဆည်မြောင်းမြေ၊ တာတမံမြေ၊ အပန်းဖြေစခန်းများအတွက် အသုံးပြုသောမြေ အစသဖြင့် အမျိုးမျိုးရှိပါသည်။ စိုက်ပျိုးမြေများတွင်လဲ လယ်မြေ၊ ယာမြေ၊ ဓနိမြေ၊ ကိုင်းကျွန်းမြေ၊ ဥယျာဉ်မြေ၊ မြေနုကျွန်းမြေ၊ ရွှေ့ပြောင်းတောင်ယာမြေဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။
စိုက်ပျိုးမြေ အရင်းအမြစ်အား စီမံခန့်ခွဲရာတွင် မြေယာမူဝါဒများနှင့် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေ လပ်၊ မြေရိုင်းစီမံခန့်ခွဲရေးဥပဒေများဖြင့် ဆောင်ရွက်ပါသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ လူနေ မြေကွက် များကို စည်ပင်သာယာရေးဥပဒေအညီ စီမံခန့်ခွဲပါသည်။ ကျေးရွာမြေများအား အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဥပဒေဖြင့် စီမံခန့်ခွဲနိုင်ပါသည်။
သစ်တောများ၏ သယံဇတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောဥပဒေ၊ သတ္တုတွင်းမြေများအား သတ္တုတွင်းဥပဒေတို့ကို လိုက်နာရမည် ဖြစ်ပါသည်။ အင်းအိုင် ငါးမွေးမြူရေး လုပ်ငန်းများအား ရေချိုလုပ်ငန်း ဥပဒေ၊ ငါးမွေးမြူရေး ဆိုင်ရာဥပဒေ၊ ဆည် မြောင်းဥပဒေ၊ တာတမံဥပဒေတို့ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးအတွက် အသုံးပြုသော မြေများအား မီးရထား ဥပဒေ၊ အမြန်လမ်း ဥပဒေ၊ လမ်းတံတားဥပဒေတို့အတိုင်း လိုက်နာဆောင်ရွက်ရပါသည်။
စိုက်ပျိုးမြေများအား အသုံးပြုရာတွင် သတ်မှတ်သီးနှံများအတိုင်း စိုက်ပျိုးရန် လိုအပ်ပြီး သီးနှံပြောင်းလဲ စိုက်ပျိုးမှုပြုလိုခြင်း၊ မြေအား အခြားနည်းအသုံးပြုခြင်း သုံးစွဲခွင့် လျှောက်ထားလိုသည့်အခါတိုင်း ခွင့်ပြုချက် လျှောက်ထားရယူရမည်ဖြစ်ပါသည်။
မြေအား မြေခွန်ကောက်ခံရာတွင်လဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ မြေခွန်နှုန်းထားများ သတ်မှတ်ကာ အခွန်စည်းကြပ်ရန်အတွက် မြေမျိုးကြီးများ ခွဲခြားသတ်မှတ်ပါသည်။ မြေအ မျိုးအစား ခွဲခြားသတ်မှတ်ရာတွင် သီးနှံထွက်နှုန်းနှင့် သဘာဝရေမြေအားလဲ ကြည့်ရှုပါသည်။ လယ်ယာမြေများ တွင်လဲ ပထမတန်းစား၊ ဒုတိယတန်းစာ၊ တတိယတန်းစာ ဟူ၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။
မြေခွန် စည်းကြပ်ခြင်းအား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ၁၈၇၆ခုနှစ် မြေနှင့် အခွန်အက်ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များ၊ ၁၈၈၉ခုနှစ် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များဖြင့် ဆောင်ရွက်ပါသည်။ တည်ဆဲမြေခွန်နှုန်းထားများအရ မြေခွန်စည်းကြပ်မှုနှင့် အတူ နယ်မြို့နယ်ပေါ်မူတည်၍ ၁၈၈၀ ပြည့်နှစ် ခရိုင်ခိုင်ကြေးဥပဒေအရ ခိုင်ကြေး ကောက်ခံခြင်းများလဲ ရှိပါသည်။
လယ်ယာမြေ စိုက်ပျိုးမြေအမျိုးအစားများအား လွှဲပြောင်းရောင်းချရာတွင်လဲ မှတ်ပုံတင်ကြေး ၀.၅%၊ တံဆိပ် ခေါင်းခွန် ၂% နှင့် အပိုတံဆိပ်ခေါင်း ၂% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်း မြေအား စိုက်ပျိုးမြေအဖြစ် အသုံးပြုခွင့်ရရှိထားလျှင်လဲ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စိုက်ပျိုးပြီးစီးမှုရှိ ပါမြေလွတ်၊မြေရိုင်းကို လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ဗဟိုလယ်စီအဖွဲ့ထံ ဓာတ်ပုံမှတ်တမ်းများဖြင့် ပုံစံ-(၇) လျှောက်ထားမှုပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com