ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်ရှိ ဒေသကောင်စီများနှင့် ၎င်းတို့ပိုင်သော အိမ်ခြံမြေကုမ္ပဏီတို့သည် အိမ်ရာမဲ့များကို မြို့တော်မှ နှင်ထုတ်ကာ ပြန်လည်နေရာချထားပေးနိုင်ရန် ပေါင် ၁၄၀ ဖိုးရှိ အိမ်ခြံမြေများ ဝယ်ယူလျက်ရှိကြောင်း အင်္ဂလန်အခြေစိုက် The Guardian သတင်းဌာနက ဖော်ပြသည်။
လန်ဒန်မြို့တော်ရှိ ဒေသကောင်စီ တစ်ဒါဇင်ကျော်သည် ၂၀၁၇ ခုနှစ်မှ စတင်ကာ အင်္ဂလန်နိုင်ငံတဝန်းရှိ မြို့ကြီး၊ မြို့ငယ်များတွင် အိမ်ခြံမြေပေါင်း ၈၅၀ ကျော် ဝယ်ယူထားခဲ့သည်။
အဆိုပါအိမ်များသည် ဒေသကောင်စီများက တိုက်ရိုက်ပိုင်ဆိုင်ထားသော (သို့မဟုတ်) ၎င်းတို့ အပြည့်အဝ/ တစိတ်တပိုင်း ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများမှ ပိုင်ဆိုင်ထားသော အိမ်ခြံမြေများ ဖြစ်သည်။
အဆိုပါနေအိမ်များကို အိမ်ရာမဲ့များ၊ အိမ်ရာမဲ့မိသားစုများ ယာယီ (သို့မဟုတ်) အမြဲနေထိုင်နိုင်မည့်အိမ်များအဖြစ် အသုံးပြုလျက်ရှိသည်။
နေအိမ်အများစုမှာ အင်္ဂလန် အရှေ့တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဆင်းရဲသား ရပ်ကွက်များတွင် တည်ရှိသည်။
ထိုဒေသများသည် ၎င်းတို့အရပ်မှာပင်လျှင် အိမ်ရာမဲ့များရှိနေသော ဒေသများ ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်း လန်ဒန်မြို့တော်မှ ဒေသကောင်စီများသည် Midlands ဒေသတွင် နေအိမ်များ ဝယ်ယူခဲ့ပြီးနောက် အရှေ့မြောက်ပိုင်းတွင် နေအိမ်များ ဆက်လက်ဝယ်ယူသွားရန် စီစဉ်နေသည်။
အိမ်ခြံမြေပရဟိတအဖွဲ့များက ပြောသည်မှာ အိမ်ရာမဲ့များသည် ၎င်းတို့ကျင်လည်နေထိုင်ရာနေရာများမှ နှင်ထုတ်ခံရခြင်းကြောင့် ဝရုန်းသုန်းကားအခြေအနေနှင့် ရင်ဆိုင်ကြရကြောင်း ပြောသည်။
လေဘာပါတီမှ လွှတ်တော်အမတ်များကလည်း အစိုးရအနေဖြင့် အိမ်ရာမဲ့များ နှင်ထုတ်သည့် ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်ပေးရန် တိုက်တွန်းထားသည်။
Waltham Forest နှင့် Bromley ကောင်စီတို့သည် ၎င်းတို့ ပူးတွဲပိုင်ဆိုင်သည့် အိမ်ခြံမြေကုမ္ပဏီဖြစ်သော Mears Group မှတဆင့် ၂၀၁၇ ခုနှစ်ကတည်းက အိမ်ခြံမြေများ ဝယ်ယူလျက်ရှိခဲ့ရာ အက်ဆက်ခရိုင် Harlow , Thurrock မြို့များနှင့် ကန့်ခရိုင် Maidstone မြို့များ အပါအဝင် အင်္ဂလန်တဝန်း၌ အိမ်ခြံမြေ ၅၀၀ ကျော် ဝယ်ယူထားရာ တန်ကြေးအားဖြင့် ပေါင် သန်း ၈၀ ခန့်ရှိသည်ဟု ဆိုသည်။
အဆိုပါကောင်စီတို့သည် အိမ်ရာမဲ့များနှင့်စပ်လျဉ်းသည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် လန်ဒန်ပြင်ပသို့ အိမ်ရာမဲ့များ နှင်ထုတ်ကာ ၎င်းတို့ဝယ်ယူထားသော အိမ်ခြံမြေများတွင် အမြဲအခြေချနေထိုင်နိုင်ရန် စီစဉ်ပေးခဲ့သည်။
Brent ကောင်စီသည် Milton Keynes, Hemel Hempstead နှင့် Slough မြို့များတွင် အိမ်ခြံမြေ ၇၅ ခုကို ဝယ်ယူထားရာ ပေါင် ၁၈ သန်းခန့် ကုန်ကျခဲ့သည်။
Barnet ကောင်စီသည် Peterborough နှင့် Luton မြို့များတွင် အိမ်ခြံမြေ ၇၀ နီးပါးကို ပေါင် ၁၀ သန်းဖြင့် ဝယ်ယူထားသည်။
Brent နှင့် Barnet ကောင်စီတို့သည် ၎င်းတို့ ရာနှုန်းပြည့်ပိုင်ဆိုင်ထားသော ကုမ္ပဏီများမှတဆင့် အဆိုပါအိမ်ခြံမြေများကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Enfield ကောင်စီက ရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် Housing Gateway ကုမ္ပဏီသည် Harlow မြို့ပြင်ရှိ Greenway House အမည်ရှိ ရုံးခန်းဘလောက်တစ်ခုကို ၂၀၁၈ ခုနှစ်အတွင်း ပေါင် ၁၃ သန်းဖြင့် ဝယ်ယူထားပြီး အိမ်ရာမဲ့များ ယာယီနေထိုင်ရန်နေရာအဖြစ် အသုံးပြုခဲ့သည်။
(ကန့်ခရိုင်၊ Maidstone မြို့တွင် အိမ်ရာမဲ့များနေထိုင်ရန် အိမ်ခြံမြေများ ဝယ်ယူထားသည်။ ဓာတ်ပုံ-Air Video UK/ Alamy)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: London councils buy £140m of property to move homeless people out of city Photo Credit- Air Video UK/ Alamy,