ဗဟုသုတ | Posted by ရွှေစင်ဝင်း
တရုတ်ပြည်တွင် ဝန်ချီစက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ဘောနပ်စ်ရရန်အတွက် ငွေစက္ကူများ ရေတွက်သည့် ပြိုင်ပွဲကို ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည်။
Henan Mine Crane ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတစ်ဦးက Time News သတင်းဌာနသို့ ကြိုတင်ပြောခဲ့ဖူး သည်မှာ နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများကို ဘောနပ်စ်အနေဖြင့် ယွမ် သန်း ၁၀၀ ကျော် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
ဘောနပ်စ်ပေးမည့် ယွမ် သန်း ၁၀၀ အနက် ယွမ် သန်း ၄၀ (စင်္ကာပူဒေါ်လာ ၇ ဒသမ ၄ သန်း) ကို ငွေစက္ကူ ရေတွက်သည့်ပြိုင်ပွဲတွင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
Henan Mine ကုမ္ပဏီ၏ နှစ်ကုန်ပါတီပွဲ ကျင်းပခဲ့ပုံ ဗွီဒီယိုဖိုင်ကို Douyin လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့သည်။
ဗွီဒီယိုတွင် တွေ့မြင်ရမှုအရ စားပွဲရှည်ကြီးတစ်ခုပေါ်တွင် ငွေစက္ကူများ အပြည့် ဖြန့်ကျက်စုပုံထားပြီး ဝန်ထမ်းများက ရေတွက်နေကြပုံများကို တွေ့ရသည်။
စားပွဲကြီးမှာ အလျား မီတာ ၆၀ မှ ၇၀ ( ၁၉၆ ပေမှ ၂၂၉ ပေ) အထိ ရှိသည်ဟု ခန့်မှန်းရသည်။
ဝန်ထမ်းများကို အဖွဲ့ ၃၀ လူခွဲခိုင်းလိုက်ပြီးနောက် တစ်စုချင်းစီက ၂ ဦးထွက်ကာ သတ်မှတ်ထားသည့် အချိန်အတွင်း ငွေစက္ကူမည်မျှရေတွက်နိုင်သည်ကို ပြိုင်ကြရခြင်းဖြစ်ကြောင်း တရုတ်ပြည်မှ သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်သော Dahe Fortune Cube က ဖော်ပြသည်။
ပါဝင်ယှဉ်ပြိုင်သူများကို ငွေစက္ကူ ရေတွက်ချိန် ၁၅ မိနစ်အချိန်ပေးထားပြီး ထိုသတ်မှတ်ချိန်အတွင်း ရေတွက်နိုင်ခဲ့သော ငွေပမာဏကို ၎င်းတို့ကိုယ်စားပြုသည့် အဖွဲ့ဝင်များအကြား ခွဲဝေရယူခွင့်ပေးခဲ့သည်။
အုပ်စုတစ်ခုစီ၏ ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်သူ ၂ ဦးမှာ ယွမ် ၁၀၀ စီ အပိုဆုငွေ ရရှိမည်ဖြစ်သော်လည်း ရေတွက်ထားမှု မှားယွင်းပါက စုစုပေါင်း ရေတွက်နိုင်သည့် ငွေပမာဏမှ ယွမ် ၁၀၀၀ လျှော့ချခံရမည့် စည်းမျဉ်း သတ်မှတ်ထားသည်။
Times Finance ၏ ဖော်ပြချက်အရ ဝန်ထမ်းတစ်ဦးဆိုလျှင် ၁၅ မိနစ်အတွင်း ငွေစက္ကူ ယွမ် ၁၀၀,၀၀၀ အထိ ရေတွက်နိုင်ခဲ့သည်ဟု ဆိုသည်။
မူလက ငွေစက္ကူ ရေတွက်သည့်ပြိုင်ပွဲအတွက် ယွမ် သန်း ၄၀ (စင်္ကာပူဒေါ်လာ ၇ ဒသမ ၅ သန်း) သာ စားပွဲပေါ်တွင် ချထားခဲ့သော်လည်း Henan Mine ကုမ္ပဏီ၏ စီအီးအို Cui Peijun က စားပွဲပေါ်သို့ နောက်ထပ် ယွမ် သန်း ၂၀ ထပ်မံတင်ပေးခဲ့ရာ ကုမ္ပဏီဝန်ထမ်းများ ဝမ်းမြောက်ပျော်ရွှင်စွာ လက်ခုပ်သြဘာတီးကာ အားပေးဂုဏ်ပြုခဲ့သည်။
တရုတ်နှစ်သစ်ကူးအတွက် မိမိတို့၏ ဇာတိမြေကို ပြန်သွားကြသောကြောင့် ငွေစက္ကူရေတွက် ပြိုင်ပွဲတွင် မပါဝင်နိုင်သော ဝန်ထမ်းများကိုလည်း နှစ်ကုန်ဘောနပ်စ်များ ပေးအပ်ထားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
ဝန်ထမ်းတိုင်း ဘောနပ်စ်ရစေရန် ကြိုတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စီအီးအို Cui Peijun က ငွေစက္ကူရေတွက်သည့် ပြိုင်ပွဲဖြင့် ဆုငွေပေးခြင်းမှာ နှစ်ကုန်ပါတီပွဲတွင် အားလုံး ပျော်ရွှင်စေရန်နှင့် အချင်းချင်းထိတွေ့နိုင်မှုရှိစေရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်ဟု Times Finance သတင်းဌာနက ဖော်ပြသည်။
နှစ်ကုန်ပါတီပွဲတွင် ကုမ္ပဏီဥက္ကဌဖြစ်သူ Wei Xueming က ပြောသည်မှာ Henan Mine ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်အတွင်း ယွမ် သန်း ၂၆၀ (စင်္ကာပူဒေါ်လာ ၄၈ ဒသမ ၃ သန်း) အမြတ်အစွန်း ရရှိခဲ့ကြောင်း၊ ထို့ကြောင့်လည်း ယခုကဲ့သို့ ရက်ရက်ရောရော ဘောနပ်စ်ပေးနိုင်ခြင်းဖြစ်ကြောင်း ပြောသည်။
Henan Mine ကုမ္ပဏီသည် ကရိန်းနှင့် အခြားဝန်ချီပစ္စည်းများ သုတေသနလုပ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်သည့် ကုမ္ပဏီ ဖြစ်သည်။
Henan Mine သည် ပြီးခဲ့သောနှစ်ကလည်း နှစ်ကုန်ပါတီပွဲ၌ စင်မြင့်ပေါ်တွင် ငွေစက္ကူများ တောင်ပုံရာပုံ (ဒေါ်လာ ၉ သန်းခန့် ) ပုံထား ကာ ဝန်ထမ်းများကို ဘောနပ်စ်ပေးခဲ့မှုမှာ ထိပ်တန်းသတင်းတစ်ရပ် ဖြစ်ခဲ့ သေးသည်။
(မှတ်ချက်။ အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ပြီးခဲ့သောနှစ်က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)
ကရိန်းကား ထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်က ဒေါ်လာ ၉ သန်းခန့်ရှိ ငွေစက္ကူများ တောင်ပုံရာပုံ ပုံထားကာ ဝန်ထမ်းများအား ဘောနပ်စ်ပေး
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Grab and go: China company rewards staff with $11m in cash