ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ် ကျေးလက်ဒေသတွင် ၂၈၂ ဧက ကျယ်ဝန်းသည့် ရင်သပ်ရှုမောဖွယ် သံလွင်ခြံကြီး အရောင်းဈေးကွက်ဝင်လာသည်။
နှစ်ပေါင်း ၁၇၀ အတွင်း ယခုအခါတွင်မှ ပထမဆုံး အရောင်းဈေးကွက်ဝင်ဖူးသော ခြံကြီး ဖြစ်သည်။
အပြောကျယ်လှသော သံလွင်ခြံကြီးကို မိသားစုတစ်ခုတည်းက ၁၈၅၄ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၆ ဒသမ ၆၅ သန်းသာ ဈေးခေါ်ထားသည်။
ယခုခြံကြီးကို ဝယ်ယူပိုင်ဆိုင်မည့် ပိုင်ရှင်သစ်သည် လုပ်ငန်းနယ်ပယ်သစ်နှင့် ထိတွေ့ခွင့်ရမည့်အပြင် အမေရိကန်တွင် လူအများစု ထိတွေ့ခွင့်မရသည့် မြေထဲပင်လယ်ဘဝဟန်ပန်မျိုး တွေ့ကြုံခွင့် ရရှိမည်လည်း ဖြစ်သည်။
သံလွင်ခြံကြီး၏ အမည်မှာ Woodpecker Trail Olive Farm ဖြစ်သည်။
ကျယ်ပြောလှသော ခြံဝန်းကြီးတွင် လှပသော ယာတောအိမ်လေးကို သံလွင်ပင်ပေါင်း ၁၁၀၀၀ က ဝန်းပတ်ထားသည်။
အဆိုပါခြံကြီးမှ ဆုရသံလွင်ဆီများ ထုတ်လုပ်လျက်ရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
လက်ရှိပိုင်ရှင်များမှာ Tracy နှင့် Curtis Poling တို့ ဖြစ်ပြီး ၎င်းတို့က သံလွင်ခြံအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ဂျော်ဂျီယာပြည်နယ်၊ Glennville မြို့ရှိ ခြံကြီးကို Tracy တို့ မိသားစုက ၁၈၅၄ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း ပိုင်ဆိုင်လာခဲ့ကြသည်။
Tracy က ဖခင်ထံမှ အမွေရခဲ့ခြင်း ဖြစ်၏။
Tracy နှင့် Curtis တို့ အမွေမဆက်ခံမီက ယခုခြံကြီးတွင် ထင်းရှုးပင်များ စိုက်ပျိုးထားခဲ့သည်။
Tracy တို့ ပိုင်ဆိုင်လာချိန်တွင် ကွဲပြားခြားနားသည့်အရာတစ်ခုခု ပြုလုပ်ရန် အခွင့်အလမ်းများ ရှာဖွေခဲ့ကြသည်။
“Curtis က သုတေသနသမားကြီးတစ်ယောက်ပဲ။ သူက ထင်းရှုးအပြင် ဘာစိုက်ရမလဲဆိုတာ သုတေသနတွေ လုပ်ပြီး သံလွင်ပင် လမ်းကြောင်းပေါ် ရောက်ခဲ့တာ ဖြစ်ပါတယ်” ဟု Tracy က Realtor အိမ်ခြံမြေသတင်းဌာန သို့ ပြောသည်။
ယင်းနောက် ၂၀၁၅ ခုနှစ်တွင် သံလွင်ပင်များ စတင်စိုက်ပျိုးခဲ့သည်။
(သံလွင်ပင် မျိုးစိတ် ၁၁ မျိုး စိုက်ပျိုးထားသည်။ ဓာတ်ပုံ-Realtor)
(၂၀၁၅ ခုနှစ်က ပထမဆုံးအသုတ် စိုက်ပျိုးခဲ့သည့် သံလွင်ပင်များ။ ဓာတ်ပုံ-Realtor)
(ခြံဝန်းအတွင်း အဆောက်အအုံအများအပြား ပါဝင်သည်။ ဓာတ်ပုံ-Realtor)
(ခြံကြီးအတွင်းမှ ယာတောအိမ်။ ဓာတ်ပုံ-Realtor)
“ကျွန်တော်တို့ အပင် ၄၀၀၀ စပြီး စိုက်ပျိုးခဲ့ပါတယ်။ အဲဒီနောက် အပင် ၂၀၀၀ ထပ်စိုက်တယ်။ ပြီးတော့ ၁၀၀၀ ထပ်စိုက်ပြန်တယ်” ဟု Curtis က ရယ်မောရင်း ပြောသည်။
“ကျွန်တော်တို့ အမြဲထပ်ထပ် စိုက်ပျိုးနေတယ်။ မရပ်တန့်နိုင်အောင်ပါပဲ”
၁၀ နှစ်နီးပါးကြာမြင့်ခဲ့ပြီးနောက် ယခုအခါ Tracy တို့သည် ကမ္ဘာ့အကောင်းဆုံး သံလွင်ဆီ ထုတ်လုပ်သူများတွင် ပါဝင်လာသည်။
မစ္စတာ Curtis က “ကျွန်တော်တို့ဟာ ဆုတံဆိပ်ရ သံလွင်ဆီ စိုက်ပျိုးထုတ်လုပ်သူ ဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ သံလွင်ဆီဟာ ကမ္ဘာ့အကောင်းဆုံးသံလွင်ဆီတွေထဲမှာ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်” ဟု ပြောသည်။
(အဆောက်အအုံတစ်ခု၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Realtor)
(Tracy တို့ ထုတ်လုပ်သော သံလွင်ဆီမှာ ဆုတံဆိပ်ပေါင်းများစွာ ရရှိထားသည်။ ဓာတ်ပုံ-Realtor)
(နေအိမ်အတွင်း အိပ်ခန်း ၃ ခန်းပါဝင်သည်။ ဓာတ်ပုံ-Realtor)
(ခေတ်မီ အဆင့်မြှင့်တင်ထားသော မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Award-Winning Olive Farm Hits the Market for $6.7 Million—Bringing a Slice of the Mediterranean to Rural Georgia Photo Credit- Realtor m)