ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
(၂၀၂၄ အာဆီယံချန်ပီယံ ဘောလုံးပွဲ))
၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကျင်းပပြီးစီးသွားခဲ့သော ၂၀၂၄ အာဆီယံ ချန်ပီယံ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်း ဗိုလ်စွဲသွားသည်။
2024 ASEAN Championship ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဗိုလ်လုပွဲကို ၂ ကျော့ ယှဉ်ပြိုင်ရရာ ပထမအကျော့တွင် ဗီယက်နမ်အိမ်ကွင်းတွင် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ဗီယက်နမ်က ထိုင်းအသင်းကို ၂-၁ ဖြင့် အနိုင်ရသွားသည်။
ဒုတိယအကျော့ကို ထိုင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်ရာ ဗီယက်နမ်ကပင် ၂-၃ ဖြင့် အနိုင်ရရှိသွားပြန်ရာ ဗီယက်နမ်က ထိုင်းကို ၂ ကျော့ပေါင်းရလဒ် ၅-၃ ဖြင့် အနိုင်ရကာ ဗိုလ်စွဲသွားခြင်း ဖြစ်သည်။
((လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား နေအိမ်ဝယ်ယူခြင်း))
ဗီယက်နမ် လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား ငုယင် ဟွမ်ဒု (Nguyen Hoang Duc) သည် ၂၀၂၄ အာဆီယံချန်ပီယံဖလား ဗိုလ်လုပွဲအပြီးတွင် ဟနွိုင်းမြို့ရှိ ဒေါင်ငွေ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၃၉၄၀၀၀) တန်ကြေးရှိ luxury တိုက်ခန်းတစ်ခန်း ဝယ်ယူကာ မိမိကိုယ်ကို ဆုချီးမြှင့်လိုက်သည်။
ငုယင်ဟွမ်ဒုသည် ထိုင်းမှ ပြန်လာပြီးတစ်ရက်အကြာ ဇန်နဝါရီ ၇ ရက်တွင် ဟနွိုင်းမြို့ လူကြိုက်များသော ဒေသ၌ ဝယ်ယူထားသည့် တိုက်ခန်းသစ်သို့ မိဘများနှင့်အတူ သွားရောက်လည်ပတ်ခဲ့သည်။
တိုက်ခန်းအကျယ်အဝန်းမှာ စတုရန်းမီတာ ၁၂၀ နီးပါးရှိပြီး ဒေါင်ငွေ ၁၀ ဘီလီယံကျော် တန်ကြေးရှိသည်။
ငုယင်ဟွမ်ဒု၏ မိတ်ဆွေဖြစ်သည့်အပြင် သူ၏အေးဂျင့်အဖြစ်လည်း ဆောင်ရွက်ပေးနေသူ ကွမ် ဗီယက် (Quang Viet) က လူမှုကွန်ရက်တွင် “အာဆီယံဖလား ချန်ပီယံအတွက် ဆုလာဘ်တစ်ခု။ အသက် ၂၇ နှစ်ပြည့် မွေးနေ့ လက်ဆောင်။ ပထမဆုံးနေအိမ်ဝယ်လိုက်တဲ့ ကျွန်တော့်ညီအစ်ကို ဟွမ်ဒုရေ..ကွန်ဂရက်ကျူလေးရှင်းပါ။ ကောင်းကောင်းရှေ့ဆက်လျှောက်ပါ။” ဟု ရေးသားဖော်ပြခဲ့သည်။
တိုက်ခန်းဆောက်လုပ်မှုမှာ အပြီးမသတ်သေးကြောင်း၊ ငုယင်ဟွမ်ဒုက အတွင်းပိုင်းအတွက် ဒီဇိုင်နာတစ်ဦး ခေါ်ယူရန် စီစဉ်ထားကြောင်းလည်း ကွမ်ဗီယက်က ပြောသည်။ ဇန်နဝါရီလကုန်ပိုင်း Lunar New Year (သို့) တရုတ်နှစ်သစ်ကူးကာလတွင် ယခုတိုက်ခန်းသစ်၌ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ထားသည်။
[ဗီယက်နမ် လက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား ငုယင်ဟွမ်ဒု (ဝဲဘက်မှ ရေတွက်လျှင် တတိယမြောက်) နှင့် သူ၏အေးဂျင့် ကွမ်ဗီယက် (ယာစွန်) တို့ကို ငုယင်ဟွမ်ဒု အသစ်ဝယ်ယူလိုက်သော ဟနွိုင်းမြို့တိုက်ခန်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-Facebook/ Quang Viet]
ငုယင်ဟွမ်ဒုသည် မကြာသေးမီက V League 1 ကလပ်ဖြစ်သော Viettel FC မှ V League 2 ကလပ်ဖြစ်သည့် Phu Dong Ninh Binh ကလပ်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ထိပ်တန်းသတင်းတစ်ရပ်အဖြစ် လှုပ်ခတ်နေသည်။
အဆိုပါကလပ်သို့ ပြောင်းရွှေ့ခဲ့ရာတွင် လက်မှတ်ထိုးကြေးအဖြစ် ဒေါင်ငွေ ၂၀ ဘီလီယံကျော် ရရှိခဲ့သည်ဟု ဆိုသည်။
အသက် ၂၆ နှစ်သာရှိသေးချိန်တွင် တန်းနိမ့်သော ကလပ်သို့ ရွှေ့ပြောင်းခဲ့ခြင်းအပေါ် ဝေဖန်မှုများစွာ ရှိနေသည်။
ငုယင်ဟွမ်ဒုက သူ၏ ရွေးချယ်မှုနှင့် စပ်လျဉ်းပြီး ၂၀၂၄ အောက်တိုဘာလအတွင်း VnExpress သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြဖူးသည်။
(ငုယင်ဟွမ်ဒု ဝယ်ယူလိုက်သော တိုက်ခန်းသစ်၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-Facebook/ Quang Viet)
ငုယင်ဟွမ်ဒုသည် ဘောလုံးသမားဘဝ အစောပိုင်းကာလများက သူ၏မိဘများနှင့် ညီမဖြစ်သူတို့စီးရန် ကားတစ်စင်း ဝယ်ပေးခဲ့ဖူးသည်။
ထို့အပြင် ၂၀၂၂ ခုနှစ်အတွင်းကလည်း မိဘများနေထိုင်ရန်အတွက် Hai Duong ပြည်နယ်တွင် နေအိမ်သစ်တစ်လုံး ဆောက်လုပ်ပေးခဲ့သေးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Vietnam star midfielder purchases $400,000 home after winning ASEAN Cup
Photo Credit: Facebook/ Quang Viet