ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
၁၈ ရာစုက ဆောက်လုပ်ခဲ့သည့်နေအိမ်ကို ပြန်လည်ပြုပြင်သည့် ဇနီးမောင်နှံသည် မီးဖိုဆောင် ကြမ်းပြင်အောက်တွင် ရှားပါးရွှေဒင်္ဂါး ၂၆၄ ပြား ရှာဖွေတွေ့ရှိသွားသည်။
အဆိုပါ ရွှေဒင်္ဂါးပြားများသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကာလပေါက်ဈေး ကန်ဒေါ်လာ ၃၁၀၀၀၀ ခန့် တန်ကြေးရှိသည်ဟု ဆိုသည်။
အင်္ဂလန်နိုင်ငံ၊ မြောက်ယော့ခ်ရှိုင်းယားခရိုင်၊ Ellerby ကျေးရွာနေ ဇနီးမောင်နှံက မီးဖိုဆောင်ကြမ်းပြင်ကို ပြန်လည်ခင်းကျင်းရန် ပြုလုပ်ခဲ့ရာတွင် မြေအနက် ၆ လက်မခန့်တွင် မြေခွက်တစ်လုံးကို တူးဖော်တွေ့ရှိခဲ့သည်။
ကနဦးတွင် လျှပ်စစ်မီးကြိုးတစ်ခုခုကို တူးမိသည်ဟု ထင်ခဲ့သော်လည်း ရွှေဒင်္ဂါးများ အပြည့်ထည့်ထားသည့် ခွက်တစ်လုံးဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့သည်။
(ယခုရှာဖွေတွေ့ရှိမှုသည် ဗြိတိန်တွင် ရှေးဟောင်းပစ္စည်းများ အကြီးမားဆုံးရှာဖွေတွေ့ရှိခဲ့မှုများတွင် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ ဓာတ်ပုံ-Spink)
တူးဖော်တွေ့ရှိခဲ့သော ရွှေဒင်္ဂါးပြားများအနက် နောက်အကျဆုံးမှာ နှစ်ပေါင်း ၃၀၀ သက်တမ်းအောက်သာရှိရာ ရတနာသိုက်အဖြစ် သတ်မှတ်ရန် ဥပဒေနှင့် အကြုံးမဝင်ချေ။
ထို့ကြောင့် အဆိုပါဇနီးမောင်နှံအနေဖြင့် ရွှေဒင်္ဂါးပြားများကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး ရာဖြတ်တန်ဖိုး ပေါင် ၂၅၀၀၀၀ (ကန်ဒေါ်လာ ၃၁၀၀၀၀) ဖြင့် လေလံတင်ရောင်းချခဲ့ရာတွင် ပေါင် ၇၅၄၀၀၀ (ကန်ဒေါ်လာ ၉၃၈၀၀၀ ဝန်းကျင်) ရရှိခဲ့သည်။
ကျွမ်းကျင်ပညာရှင်တို့၏ ယူဆချက်အရ ရွှေဒင်္ဂါးပြားများသည် ၁၆၁၀ မှ ၁၇၂၇ ကြား ထုတ်လုပ်ခဲ့သော ဒင်္ဂါးများဖြစ်သည်ဟု ဆိုသည်။
အဆိုပါကာလမှာ ဂျိမ်းစ် (၁)၊ ချားလ်စ် (၁) နှင့် ဂျော့ချ် (၁) ဘုရင်တို့ အုပ်ချုပ်မင်းလုပ်ခဲ့သည့် ကာလများ ဖြစ်သည်။
ယခုရွှေဒင်္ဂါးများသည် ဟူးလ်မြို့နေ ကုန်သည်ဇနီးမောင်နှံဖြစ်သော Joseph နှင့် Sarah Fernley-Maisters တို့ ပိုင်ခဲ့သော ရွှေဒင်္ဂါးများ ဖြစ်သည်ဟု ယူဆကြသည်။ Joseph တို့ ဇနီးမောင်နှံသည် သံရိုင်း၊ သစ်နှင့် ကျောက်မီးသွေးတို့ ကုန်ကူးခဲ့ကြသော ကုန်သည်များ ဖြစ်သည်။
၎င်းတို့မျိုးရိုးမိသားစုဝင်များစွာမှာ ၁၇၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် လွှတ်တော်အမတ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
(ရွှေဒင်္ဂါးပြားများကို လေလံပွဲတွင် ပေါင် ၇၀၀၀၀၀ ကျော်ဖြင့် ရောင်းချခဲ့သည်။ ဓာတ်ပုံ-Spink/ BNPS)
ယခုရှာဖွေတွေ့ရှိမှုမှာ မထင်မှတ်သောနေရာမှ မမျှော်လင့်သည့် တွေ့ရှိမှုဖြစ်ကြောင်း Spink & Son လေလံကုမ္ပဏီမှ Gregory Edmund က ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Couple renovating new home makes incredible £250,000 discovery under the floor
Photo Credit-Spink/ BNPS