ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ရှိ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသော စံအိမ်များ စီတန်းတည်ရှိသည့် စိမ်းလန်းအုံ့မှိုင်းကာ ဆိတ်ငြိမ်သော လမ်းတစ်ခုတွင် စတုရန်းပေ ၁၄၄၀၀ ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံးရှိနေသည်။
ထိုစံအိမ်နေရာသည် အသက် ၅၃ နှစ်အရွယ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk က အများနှင့်မတူ တမူထူးသည့် မိသားစုစံအိမ်ဝန်း တည်ထောင်ရန် ကြိုးစားနေသည့် နေရာဖြစ်ကြောင်း သူ၏ စီမံကိန်းကို သိရှိထားသူ ၄ ဦးက ပြောသည်ဟု နယူးယောက်တိုင်းမ် သတင်းစာကြီးက ဖော်ပြသည်။
Elon Musk က သူ၏ ကလေးများ (အနည်းဆုံး ၁၁ ဦးရှိ) နှင့် ၎င်းတို့၏ မိခင် ၃ ဦးအနက် ၂ ဦးတို့ အတူတကွ နီးကပ်စွာ နေထိုင်နိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းနှင့် နီးစပ်သူတို့ကို မကြာသေးမီ လများအတွင်း ပြောပြခဲ့သည်။
ထိုသို့ နေထိုင်ခြင်းအားဖြင့် ကလေးငယ်များ အတူတကွ နီးကပ်စွာ နေထိုင်နိုင်မည့်အပြင် Elon Musk က ၎င်းတို့အတွက် အချိန်ပေးရန် ပိုမိုလွယ်ကူသွားမည် ဖြစ်သည်။
ထိုစံအိမ်၏ နောက်ဘက်တည့်တည့်ရှိ အိပ်ခန်း ၆ ခန်းပါ စံအိမ်ကြီးမှာလည်း Elon Musk ဝယ်ယူခဲ့သော စံအိမ်ဖြစ်ကြောင်း လူပုဂ္ဂိုလ် ၂ ဦး၏ ပြောပြချက်နှင့် အများပြည်သူတို့သိနိုင်သော အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ထိုစံအိမ်ကြီး ၂ လုံး၏ စုစုပေါင်းတန်ကြေးမှာ ကန်ဒေါ်လာ ၃၅ သန်းခန့် ရှိသည်။
ယခင်ကမူ Elon Musk က မည်သည့်အိမ်ခြံမြေမှ ကိုယ်ပိုင် ပိုင်ဆိုင်မှုထားမည်မဟုတ်ကြောင်းပြောကာ ၎င်းပိုင်သမျှ အိမ်ခြံမြေများအားလုံးကို ရောင်းထုတ်ခဲ့ဖူးသည်။
(ဆက်စပ်သတင်း)
နေအိမ်များ တစ်လုံးမကျန် ရောင်းထုတ်မည်ဟု ကြေညာထားသော ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး Elon Musk က ကယ်လီဖိုးနီးယားရှိ နေအိမ် ၅ လုံးကို ကန်ဒေါ်လာ ၉၇ ဒသမ ၅ သန်းဖြင့် ထပ်မံ အရောင်းဈေးကွက်တင်
https://www.imyanmarhouse.com/news/read/919765
Elon Musk သည် အော်စတင်မြို့သို့ ရောက်သည့်အခါများတွင် ယခုစံအိမ်များမှ ခြေလျင် ၁၀ မိနစ်မျှ ဝေးကွာသော နေရာရှိ စံအိမ်တစ်လုံးတွင် နေထိုင်လေ့ရှိကြောင်း ယခုသတင်းရင်းမြစ်တို့က ပြောသည်။
စံအိမ် ၃ လုံး၊ ကလေး အမေ ၃ ဦး၊ ကလေး ၁၁ ဦး၊ ကမ္ဘာ့လူဦးရေကျဆင်းမှုအပေါ် စိုးရိမ်နေသော ဘီလျံနာသူဌေးကြီး။
ထိုမိသားစု ဖွဲ့စည်းမှုမှာ တမူထူးခြားနေပြီး Elon Musk က လူဦးရေ ပိုမိုတိုးပွားလာရန်ပင် ကြိုးစားလိုပုံ ရသည်။
သုတ်ပိုးလှူဒါန်းကာ ဖန်ပြွန်သန္ဓေယူစေခြင်းများမှာ ကမ္ဘာ့လူဦးရေ တိုးတက်စေရန် ကြီးမားစွာ အထောက်အကူ ပြုနိုင်ကြောင်း Elon Musk က ယုံကြည်သည်။
Elon Musk က သူ၏ သုတ်ပိုးကို မိတ်ဆွေများနှင့် အသိအကျွမ်းများအား လှူဒါန်းပေးရန် ကမ်းလှမ်းခဲ့ဖူးရာ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ Nicole Shanahan လည်း ပါဝင်ကြောင်း၊ မစ္စ Shanahan က Elon Musk ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ထိုအကြောင်းရပ်ကို သိရှိထားသူ ၂ ဦးက နယူေးယာက်တိုင်းမ် သတင်းစာသို့ ပြောသည်။
Elon Musk သည် ပြီးခဲ့သော ၂ နှစ်တာအတွင်း ကမ္ဘာ့မွေးဖွားနှုန်းကျဆင်းနေမှုအပေါ် စိုးရိမ်မကင်းဖြစ်နေခဲ့သည်။
Elon Musk က ၎င်းဝယ်ယူထားသော X လူမှုကွန်ရက်မှတဆင့် တတ်နိုင်သမျှ ကလေးများများယူရန် တိုက်တွန်းခဲ့ဖူးသည်။
“ကလေးယူဖို့ကိစ္စက အမျိုးသားအဆင့် အရေးပေါ်အခြေအနေဖြစ်နေပါပြီ” ဟု Elon Musk က X လူမှုကွန်ရက်တွင် ယခုနှစ် ဇွန်လအတွင်း ရေးသားခဲ့သည်။
Elon Musk က အော်စတင်မြို့တွင် စံအိမ်များ ဝယ်ယူခဲ့မှုမှာ လျှို့ဝှက်ကိစ္စအနေဖြင့်သာ ရှိနေသည်။
တိုင်းမ်မဂ္ဂဇင်းကြီးက ဖော်ပြခဲ့သည်မှာ Elon Musk သည် အော်စတင်တွင် စတုရန်းပေ ၁၄၄၀၀ ရှိ Tuscan ဗိသုကာဟန် စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားပြီး ထိုအိမ်၏ နောက်တည့်တည့်တွင်ရှိသာ အိပ်ခန်း ၆ ခန်းပါ စံအိမ်ကြီးကိုလည်း နောက်ကွယ်မှပံ့ပိုးကာ တိတ်တဆိတ် ဝယ်ယူထားကြောင်း ဖော်ပြသည်။
Elon Musk နှင့် ကလေးရခဲ့သူ အမျိုးသမီး ၃ ဦးအနက် လက်ရှိအားဖြင့် တစ်ဦးသာ အဆိုပါစံအိမ်များတွင် နေထိုင်လျက်ရှိသည်ဟု Times က ဖော်ပြသည်။
ထိုသို့ နေထိုက်လျက်ရှိသူတစ်ဦးမှာ Elon Musk ၏ ကုမ္ပဏီများအနက်တစ်ခုဖြစ်သော Neuralink ၏ အမှုဆောင်တစ်ဦးဖြစ်သူ Shivon Zilis ဖြစ်သည်။
(Grimes ဟု လူသိများသူ ကနေဒါအဆိုတော် Claire Boucher နှင့် Elon Musk တို့နှစ်ဦးကို ၂၀၁၈ ခုနှစ်အတွင်း အတူတွေ့ရပုံ။ Elon Musk နှင့် Grimes တို့အကြား ကလေး ၃ ဦး အုပ်ထိန်းခွင့်နှင့် စပ်လျဉ်းပြီး အငြင်းပွားနေသည်။ ဓာတ်ပုံ-Damon Winter/ The New York Times)
(Elon Musk သည် ကမ္ဘာ့ခေါင်းဆောင်များနည်းတူ ကမ္ဘာ့လူဦးရေကျဆင်းမှုကို စိုးရိမ်မကင်းဖြစ်နေသည်။ ဓာတ်ပုံ-Graham Dickie/ The New York Times)
(Elon Musk က သူ၏လုပ်ငန်းများကို တက္ကဆပ်ပြည်နယ်သို့ ပြောင်းရွှေ့နေပြီး အော်စတင်မြို့တွင် မိသားစု နေအိမ်ဝန်းတစ်ခု တည်ထောင်နိုင်ရန် ကြိုးစားနေသည်။ ဓာတ်ပုံ-Jordan Vonderhaar for The New York Times)
(Elon Musk က အဘယ်ကြောင့် ဤဒေသတွင် အိမ်ဝယ်ရန် ရွေးချယ်ရသည်ကို အိမ်နီးချင်းများ နားမလည်နိုင် ဖြစ်နေသည်။ ဓာတ်ပုံ- Jordan Vonderhaar for The New York Times)
((မှတ်ချက်။ Elon Musk ကမူ အော်စတင်မြို့၌ နေအိမ်များ ဝယ်ယူပိုင်ဆိုင်ထားခြင်းမရှိကြောင်း သူ၏ လူမှုကွန်ရက်အကောင့်မှတဆင့် ငြင်းဆိုထားသည်))
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Elon Musk wants big families. He Bought a secret compound for his. (New York Times) Photo Credit- Stephen Lam, Damon Winter/ The New York Times, Graham Dickie/ The New York Times, Jordan Vonderhaar for The New York Times)