iMyanmarHouse.com မှ Managing Director ဦးနေမင်းသူ နှင့် Mandalay FM အင်တာဗျူး (အပိုင်း-၁)
Posted by မေသက်နှင်း (iMyanmarHouse.com)
Mandalay FM မင်္ဂလာနံနက်ခင်း တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ၂၃ ဇူလိုင်၂၀၁၅ တွင် iMyanmarHouse.com ရဲ့Managing Director ဖြစ်သူ ဦးနေမင်းသူမှ လက်ရှိအိမ်ခြံမြေ ဈေးကွက်အခြေအနေကို ယခုလိုပဲ သုံးသပ်တင်ပြ ပေးသွားပါသည်။
ယခုလက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ၂၀၁၄ နှစ် လယ်လောက်မှ စတင်ကာ ယခုအချိန်အထိ ဈေးကွက် အခြေအနေ အေးနေပါသည်။ အဓိကအကြောင်းအရင်း ၂ချက်မှာ၂၀၁၅ခုနှစ် ရွေးကောက်ပွဲရလဒ် အခြေအနေ စောင့်ကြည့်ကာလ ဖြစ်နေသောကြောင့် လည်းကောင်း၊ ဒုတိယတစ်ချက်ဖြစ်တဲ့ နိုင်ငံ၏ စီးပွားရေးအခြေအနေ မှာလည်းဒေါ်လာဈေး အတက်ဘက်ကိုပြနေကာ သွင်းကုန်ပို့ကုန်အနေဖြင့်လည်း ၅ဘီလီယမ်လောက် ကွာခြားနေခြင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေးဝင်ငွေများ လိုအပ်နေသောကြောင့် လည်းကောင်း တွေ့မြင်ရပါသည်။
ယခုကဲ့သို့အခြေအနေမျိုးတွင် စီးပွားရေးလုပ်ငန်းရှင်များ ကလည်း ဈေးကွက်အခြေအနေ မတည်ငြိမ်သောကြောင့် အိမ်ခြံမြေဈေးကွက် အတွင်းသို့ ခြေစုံပစ်၍မဝင်ရဲသော အချိန်ဖြစ်နေကြောင်း တွေ့ရပါသည်။ ဥပမာအားဖြင့် ငွေအရင်းအနှီး လိုအပ်လာသောအခါ မိမိရင်းနှီးမြုပ်နှံထားသော အိမ်ကို ရသည့်ဈေးဖြင့် ရောင်းချ ပေးလိုက်ရသောကြောင့် အရှုံးပြလာကာ ရင်ဆိုင်ရနိုင်သောကြောင့် လက်ရှိတွင် အိမ်ခြံမြေဈေးကွက် အေးနေခြင်း ဖြစ်ပါသည်။
အရင်နှစ်တွေက ဝေဇယန္တာလမ်းမပေါ်က ၄၀’x၆၀’ အိမ်ဈေးမှာ သိန်း၁၅၀၀၀ လောက်ခေါ်ထားပြီး ယခုလက်ရှိမှာတော့ သိန်း၁၂၀၀၀၊ သိန်း၁၃၀၀၀ လောက်သာပေါက်ဈေးရှိနေပြီး ရပ်ကွက်ထဲမှာဆိုရင်လည်း ၂၅’x၅၀’ အကွက်တွေ ဆိုရင် ပြီးခဲ့တဲ့နှစ်ကသိန်း၅၀၀၀ လောက်ထိ ဈေးပေါက်ခဲ့ပြီး ယခုနှစ်မှာတော့ သိန်း၄၅၀၀၊ သိန်း၄၀၀၀ လောက်သာ ပေါက်ဈေး ရှိတော့သည်။ လက်ရှိဈေးကွက်အခြေအနေမှာ အရှုံးခံပြီး အရောင်းအဝယ် ဖြစ်အောင် ဆောင်ရွက်နေကြတာကို တွေ့လာရပါသည်။
ကြိုပွိုင့်တိုက်ခန်းများ၏ ဈေးကွက်မှာလည်း တိုက်ခန်းရဲ့တန်ဖိုး ကျဆင်းလာသောကြောင့် ဝယ်ယူသူများ သာမက ဆောက်လုပ်ရေးကုမ္မဏီများ ကလည်း ငွေအဝင်အထွက် မညီမျှလာသောအခါ ဆောက်လုပ်နေဆဲတိုက်များကို ရပ်လိုက်ကြတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရကြောင်း တွေ့ရပါသည်။ ဒုတိယတစ်ချက်မှာတော့ သင်္ဃန်းကျွန်းဘက်တွင် ခွင့်ပြုချက်မဲ့ တိုက်ခန်းများကို ဆောက်လုပ်နေမှုများကြောင့် တားမြစ်ချက်တွေနဲ့အတူ ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေတွေကိုလည်း တွေ့မြင်လာရပါသည်။