Local Property News | Posted by Shwe Zin Win
နိုင်ငံခြားငွေလဲနှုန်းတည်ငြိမ်ရေးကို ပိုမိုအထောက်အကူပြုနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် ရေးဆွဲခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တတိယတစ် နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းငွေလဲလှယ်နှုန်းနှင့်ပတ်သက်ပြီး ဈေးကွက်ကို ထင်ဟပ်စေသည့် ငွေလဲလှယ်နှုန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သတ်မှတ်ခဲ့သည်။ နိုင်ငံပိုင်ဘဏ်သုံးခု၊ ပုဂ္ဂလိကဘဏ် ၁၉ ခု၊ နိုင်ငံခြားဘဏ်နှင့် ဘဏ်ခွဲ ၁၃ ခုတို့ကို နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကား ခွင့်ပြုသည့်လိုင်စင်ထုတ်ပေးထားသည်။
အဆိုပါဘဏ်များအနေဖြင့် နိုင်ငံခြားဘဏ်များတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူ ဒေါ်လာများဖြင့် စာရင်းဖွင့်ခွင့်အပြင် Letter of Credit(LC) ဖွင့်ခြင်းကို ဆောင်ရွက်ခွင့် ပြုထားသည်။ ထို့ပြင် LC ဖွင့်ခြင်းကို ဂျပန်ယန်းငွေနှင့် တရုတ်ယွမ်ငွေတို့ဖြင့် ဖွင့်ခွင့်ပြုထားပြီး Money Exchange Counter များတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာ ပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်များဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည်။
နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်း တရားဝင်ငွေကြေးမြန်မာကျပ်ငွေကိုသာ အသုံးပြုစေလိုခြင်းကြောင့် ကျပ်ငွေဖြင့်သာ ပေးချေရန်၊ ကျပ်ငွေဖြင့်သာ ဈေးနှုန်းသတ်မှတ်ရန် ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်အသိပေးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ်အစိုးရများကို ထပ်မံအကြောင်းကြား အသိပေးခဲ့ကာ ဗဟိုဘဏ်လက်အောက်ရှိ အဖွဲ့အစည်းများကိုလည်း ညွှန်ကြားပေးရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကာလတိုနိုင်ငံခြားငွေလိုအပ်ပါက ဖြည့်ဆည်းနိုင်ရန် ငွေကြေးဖလှယ်မှု အစီအစဉ် (Currency Swap) စီစဉ်ပေးထားပြီး နိုင်ငံတော်၏ငွေကြေးစနစ်အပေါ် ပြည်သူများ အယုံအကြည်ပျက်ပြားစေသော နိုင်ငံခြားငွေလဲနှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားခြင်းကို မည်သည့်နည်းလမ်းနှင့်မဆို ဆောင်ရွက်ခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ကို နိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်ရေးကို ပိုပြီးအထောက်အကူပြုနိုင်ရန် ၂၀၁၂ ခုနှစ်တွင် ရေးဆွဲခဲ့သော နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်နိုင်ရန်စီစဉ်နေပြီး မြန်မာနိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်မည့် ဥပဒေ၊ နည်းဥပဒေများ ထွက်လာရန်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားသို့ မြန်မာနိုင်ငံက ပို့ကုန်တင်ပို့ခြင်းမှ ရရှိသောငွေ Export Proceed အားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
Credit: Eleven Media Group