“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com

“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင်

Posted by Phoo Phoo (iMyanmarHouse.com)

မေး- လက်ရှိ ဖူးပွင့်တို့နေတဲ့ အိမ်လေးအကြောင်း ပရိသတ်ကို အရင်ပြောပြပေးနော်။

ပြောရရင် ညီမက တိုက်ခန်းကို မကြိုက်ဘူး။ တိုက်ခန်း မကြိုက်တဲ့ အတွက် တိုက်ခန်းတော့ မနေဘူး။ လုံးချင်းလေးပဲ။ အကျယ်ကြီးလည်း မဟုတ်ဘူး။ ခြံဝင်းကတော့ ကျယ်တယ် မေမေက ခြံနဲ့ ဝင်းနဲ့ နေရတာကို ကြိုက်တဲ့အခါကျတော့ အပင်လေးတွေ စိုက်တာကို သူက ကြိုက်တော့ အိမ်ထဲမှာ အပင်လေးတွေ ရှိတယ်။ ပြီးတော့ နှစ်ထပ်အိမ်လေးပါပဲ။ အိမ်ဆိုလည်း ညီမက တစ်ယောက်နဲ့ တစ်ယောက် အရမ်းကပ်ပြီး စကားပြောရင် ကြားရတာမျိုးကို မကြိုက်တော့ ကိုယ့်အခန်းနဲ့ ကိုယ်အမေ့အခန်းနဲ့ အမေပေါ့။ သားအမိနှစ်ယောက်တည်းဆိုပေမယ့် အိမ်ကိုတော့ ကြီးကြီးနေရတာကို ကြိုက်တယ်။ အရမ်းကြီး ပိုက်ဆံရှိတဲ့ ပုံစံမဟုတ်ပေမယ့်လည်း လုံးချင်းအိမ်လေးကိုပဲ ခြံနဲ့ဝင်းနဲ့ ပုံစံမျိုးကို သဘောကျတယ်။အခုလည်း အဲဒီပုံစံလေးပါပဲ။

မေး- ဒီအိမ်လေးမှာ နေတာရော ဘယ်လောက် ကြာပြီလဲ။

ဒီအိမ်မှာနေတာတော့ သိပ်မကြာသေးပါဘူး။တစ်နှစ်ကျော်၊ နှစ်နှစ်လောက်ပဲ ရှိသေးတယ်။

မေး- အိမ်လေးနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေရော ရှိလား။

အမှတ်တရဆိုရင်တော့ အိမ်မှာနေရတာ နည်းတယ်။ တစ်နှစ်မှာ ညီမက လေးလလောက်ပဲ အိမ်မှာနေရတာ။ ခုနှစ်လ ၊ရှစ်လလောက်က ခရီးထွက်နေရတယ်။ နယ်ဘက်တွေ သွားနေရတာများတယ်။ အရင်တုန်းက ကားရိုက်ဆို နယ်မှာ နှစ်လ၊ သုံးလ နေရတာများတယ်။ အမှတ်တရက သိပ်မရှိဘူးလို့ တောင်ပြောလို့ရတယ်။

မေး- ရန်ကုန်မှာကျတော့ အထပ်မြင့်ပုံစံတွေကများလာတယ်လေ။ ကိုယ်တိုင်ရော အဲ့ဒီလိုမျိုး နေရတာကို ကြိုက်လား။

အဲဒီလိုမျိုး အထပ်မြင့်တွေကျတော့ မနေရဲဘူး ကြောက်တယ် ။ ဘာဖြစ်လို့ ကြောက်လဲဆိုရင် ညီမက ရုပ်ရှင်ကြည့်တဲ့သူဆိုတော့ ရုပ်ရှင်ကားတွေမှာဆိုရင် အထပ်မြင့်ကြီးတွေက ပြိုတာတို့ ဘာတို့ပေါ့နော်။ ဒါပေမယ့် ဒီမှာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်တိုင်ကိုက ဆိုက်ကိုဖြစ်နေတာပေါ့ ။ အထပ်မြင့်တွေက ဘာတစ်ခု ဆိုးလဲဆိုတော့ ခြံထဲမှာဆင်းပြီးတော့ ထိုင်ရတဲ့ ခံစားချက်မရှိဘူး။ သူငယ်ချင်းတွေ လာရင် ညီမတို့ ဆို ခြံထဲမှာ ဖျာခင်းလိုက်တယ်၊ မီးဖိုလေး ချလိုက်တယ်။ ပြီးရင် အကင်စားကြတယ်၊ ဂီတတွေ တီးတယ်၊ သီချင်းဆိုတယ်၊ ငါးကင်တွေ ကင်မယ်၊ အမျိုးစုံလုပ်လို့ရတယ်ပေါ့။ ကွန်ဒိုကတော့ မကောင်းဘူး မဟုတ်ဘူး ကောင်းပါတယ်။ အထပ်မြင့်ကြီးမှာ ဆိုတော့ အဲဒီလိုမျိုးအရသာ ကို မရဘူးလို့ ထင်တယ်။ အဲဒါကြောင့် အထပ်မြင့်တွေ ကွန်ဒိုတွေထက်စာရင် ကိုယ်ပိုင်တဲ့ မြေလေး မှာ သစ်သားအိမ်လေးပဲဖြစ်ဖြစ် ၊ ရေနံချေး အပြည့်သုတ်ထားတဲ့ အိမ်လေးပဲဖြစ်ဖြစ် အဲဒီလိုမျိုး အိမ်လေးတစ်အိမ်ပိုင်ဆိုင်ရတာနဲ့တော့ မတူဘူးလို့ ညီမထင်တယ်။

မေး- တကယ်လို့သာ နောက်ထပ် အိမ်လေး တစ်လုံး ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဘယ်လိုအိမ်မျိုးလေးကို ပိုင်ဆိုင်ချင်လဲ။

မြို့နဲ့ နီးတာကိုလည်း ညီမမကြိုက်ဘူး။ မြို့ထဲတွေဘာတွေ ညီမမကြိုက်ဘူး။ ကားအရမ်းရှုပ်တဲ့ ဒဏ်ကို ညီမ မခံစားချင်ဘူး။ အနံ့အသက်ကအစ သစ်ပင်လေးတွေ များတဲ့ နေရာမျိုးကို ကြိုက်တယ်။ အခုလည်း မြောက်ဒဂုံမှာနေတယ်၊ အရမ်းဝေးတယ် ဒါပေမယ့် ညီမ အရမ်းကြိုက်တယ်။ အိမ်လေးတွေကလည်း သီးသန့်ပုံစံမျိုးလေးတွေကိုမှ သစ်ပင်လေးတွေလည်းရှိတယ်။ နားတဲ့ အချိန်ကျရင် အရမ်းတိတ်ဆိတ်တယ်။ သစ်ပင်ရနံလေးတွေနဲ့ မိုးရွာပြီဆိုလည်း တောလေးပုံစံပေါ့နော်။ အဲဒီ အရသာကို ကြိုက်တော့ တကယ်လို့ အိမ်ထပ်ဆောက်ဖြစ်မယ်ဆိုလည်း အဲဒီလိုနေရာမှာ ညီမဆောက်ဖြစ်မယ်။ ပြီးတော့ နောက်တစ်ခုလိုချင်တာက ရေကူးကန်၊ ညီမရေကူးကန်ကို အရမ်းကြိုက်တယ်။ စိတ်အပန်းဖြေဖို့ သွားပြီးရေကူးစရာမလိုတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်ကူးလို့ရမယ်။ ရေကူးကန်ဘေးမှာ ထိုင်လို့ရမယ်။ အဲဒီ စိတ်ကူးလေးတော့ မပြည့်သေးဘူးပေါ့. ရေကူးကန်လေးနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်မယ်၊ သားအမိနှစ်ယောက် နေတဲ့အခါကျတော့ လုံခြုံမှုလည်း ရှိရမယ်ပေါ့။ ခမ်းနားဖို့ မလိုဘူး ကိုယ့်မိသားစုလေးနေဖို့ လုံခြုံရမယ် ကိုယ်ကြိုက်တဲ့ပုံစံမျိုးလေး ဖြစ်နေရမယ်ပေါ့။ ပြီးတော့ ညီမက အိပ်ယာကိုလည်း ကောင်းကောင်းကြိုက်တယ်။ အိပ်ယာဆိုလည်း ကုတင်ကို အကျယ်ကြီး အိပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနားယူတဲ့သူတစ်ယောက်က ဒီအချိန်လေးပဲ နားခွင့်ရှိတာဆိုတော့ ညီမအရမ်းကြိုက်တဲ့အရာလေးမှာတော့ အိပ်ယာပါတယ်။

မေး- အိမ်အရောင်လေးတွေဆိုရင်ရော ဘယ်လိုကာလာလေးကို ကြိုက်လဲ။

ညီမက အိမ်ကို ကာလာအရောင် တောက်တောက်ကြီးတွေ နဲ့ ဆိုရင် မကြိုက်ဘူး။ အနီရဲရဲကြီးတွေ၊ အဝါရောင် အတောက်ကြီးတွေ မကြိုက်ဘူး။ ညီမကြိုက်တာက အရောင်အမှိုင်းလေးတွေ၊ မီးခိုးရောင်လေးတွေ အညိုလေးတွေ အဲဒီလိုမျိုး မျက်စိကို အေးတဲ့အရောင်လေးတွေ ကို ညီမကြိုက်တယ်။

မေး- Decoration အပိုင်းတွေမှာရော ဘယ်လိုမျိုး လုပ်ချင်တယ်လို့ စဉ်းစားမိသေးလဲ။

ဘယ်လိုလုပ်ချင်လဲဆိုတော့ ညီမက အကျီတွေဆိုရင် အလှထားရတာကြိုက်တယ်။ တကယ့်ဗီဒို အကြီးကြီးနဲ့ စင်တွေနဲ့ ထားရတာ ကြိုက်တယ်။ မိတ်ကပ်ပစ္စည်းတွေဆိုလည်း သပ်သပ်ရပ်ရပ်ထားရတာ ကြိုက်တယ်။ ညီမကိုယ်တိုင်လည်း အိမ်အလုပ်လုပ်ရတာကို အရမ်းကြိုက်တော့ အိမ်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားရတာကို ညီမကြိုက်တယ်။ ရှုပ်နေပြီဆိုရင် ညီမလည်း စိတ်တွေ ရှုပ်နေပြီ။ ညီမတို့ အနုပညာရှင်တွေကျတော့ အဝတ်အစားပဲ ချမ်းသာတော့ အဝတ်အစား သပ်သပ်ရပ်ရပ်ထားရတာကို ကြိုက်တယ်။ အိမ်ကို အလှပြင်ရတာကို တော်တော်ဝါသနာပါပါတယ်။ အိမ်ကို အရမ်းရှုပ်ပွနေရင် ညီမမကြိုက်တော့ဘူး။ မရှိရင်မရှိနဲ့ပေါ့ ရှိတဲ့ပစ္စည်းလေးတွေကိုတော့ သပ်သပ်ရပ်ရပ်ပုံစံမျိုးလေး လုပ်ထားတာကို ညီမကြိုက်တယ်။

မေး- ရန်ကုန်မဟုတ်ဘဲ တခြားနေရာဒေသဆိုရင်ရော ဘယ်နေရာကို ကြိုက်လဲ။

ပြင်ဦးလွင်ကို ကြိုက်တယ်။ ပြင်ဦးလွင်တို့ ကလောတို့ ကို ကြိုက်တယ်။ ပြင်ဦးလွင်ကို ဘာလို့ ကြိုက်လည်း ဆိုတော့ ညီမခုနက ပြောသလို အရမ်းတိတ်ဆိတ်တယ်။ ညီမက အေးတာကို ကြိုက်တယ် ပူတဲ့ဒဏ်ကို မခံနိုင်ဘူး။ ညီမအသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်။ ပန်းပင်လေးတွေ စိုက်မယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်တွေးထားတာတော့ အဲဒီလိုမျိုးလေးနေချင်တယ်။ စီးပွားရှာရတာ ချည်းကိုလည်း အရမ်းပူလောင်သွားပြီ။ အဲဒီလို အေးချမ်းတဲ့နေရာလေးမှာပဲ နေမယ်လို့ ပဲ ညီမတွေးထားတယ်။

မေး- ကိုယ်တိုင်ဖန်တီးချင်တဲ့ မိသားစုပုံစံလေးရောရှိလား။

အဲဒီကြီးတော့ ညီမမတွေးချင်သေးဘူး။ တစ်ခါတစ်လေကျရင်တော့ သူများမိသားစုလေးတွေ မြင်ရင်တော့ ညီမပျော်တယ်။ ဒါပေမယ့် အဲဒီကလေးတွေက ကြီးလာတော့ မိဘကို ဒုက္ခပေးတာမြင်တော့လည်းမမွေးတာပဲ ကောင်းပါတယ် ကိုယ့်ဘာသာကိုယ် အမေနဲ့ပဲ နေတာကောင်းပါတယ်ဆိုပြီးတော့ တွေးဖြစ်သွားတယ်။ တကယ်လို့ အိမ်ထောင်ပြုဖြစ်ခဲ့ရင်တောင်မှ သားတွေသမီးတွေ အများကြီး ယူဖို့ အစီအစဉ်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ညီမက ပူလောင်တဲ့ဒဏ်တွေကိုလည်း အများကြီး မခံချင်ဘူး။ အေးအေးချမ်းချမ်းလေး နေချင်တယ်။ ပြီးတော့ ညီမက အရမ်းစိတ်ညစ်တတ်တဲ့ သူထဲမှာပါတယ် ။ တစ်ခုခု ဖြစ်ပြီဆိုလည်း အဲဒီအရာကို အရမ်းတွေးတတ်တဲ့သူထဲမှာပါတော့ စိတ်ညစ်စရာကို တော်ရုံတန်ရုံမရှာဘူးလို့တော့ စဉ်းစားထားတယ်။

မေး- အိမ်ဆိုတာကိုရော ဘယ်လိုမျိုး အဓိပ္ပာယ်ဖွင့်ဆိုချင်မိလဲ။

အိမ်ဆိုတာက လူတွေရဲ့ နားခိုရာနေရာလေးပေါ့နော်။ ပင်ပန်းလာသမျှတွေ အားလုံး အိမ်ရောက်ရင်အမောပြေတယ်။ အိမ်ဆိုတာကတော့ စိတ်ညစ်စရာတွေလည်းရှိမယ်။ စိတ်ချမ်းသာစရာတွေလည်း ရှိမယ်။ စိတ်ညစ် စရာဆိုတာက မိသားစုကိစ္စတွေလည်းရှိသလို ပျော်ရွှင်စရာတွေလည်းရှိတယ်။ ညီမက အိမ်ကို အရမ်းကြိုက်တဲ့ အထဲမှာပါတယ်။ ဘယ်နေရာပဲ ရောက်ရောက် အိမ်ပြန်ချင်တယ် ဘယ်လောက်ပဲ ဟိုတယ်ကြီးမှာ ကောင်းကောင်းတည်းရပါစေ ကိုယ့်အိမ်ကပဲ လုံခြုံတယ်လို့ ခံစားရတယ်။ ကိုယ်လုပ်ချင်တာလည်း လုပ်လို့ရတယ်လေ ။အိမ်ရောက်ပြီဆိုရင် ညီမက အခွေတွေ ကြည့်တယ်။ ဗီဒီယိုတွေ ကြည့်တယ်။ အဓိကက အိမ်မှာ လုပ်ဖြစ်တာ အဲဒါပေါ့နော်။ သီချင်းတွေ နားထောင်တယ်။ အိမ်ကိုတော့ ညီမတော်တော်ကြိုက်တယ်။ ငယ်ငယ်လေးကတည်းက ဘယ်နေရာပဲ သွားသွား အမေနဲ့သွားပြီဆိုရင် အမေအိမ်ပြန်မယ်ဆိုတာချည်းပဲ ပြောနေတာပေါ့။ အမေကတောင် တစ်ခါတစ်လေ နင့်အိမ်ကိုနင် သေရင် ယူသွားအဲ့လောက်ထိတောင်ပြောခံရတယ် ကိုယ်ကအိမ့်ကို အဲ့လောက်ထိ ကြိုက်တတ်တာပေါ့။ အိမ်မှာဆိုရင် လွတ်လပ်တယ်လို့ ခံစားရတယ်။ အိမ်ဆိုတဲ့ အရာက အရမ်းလွတ်လပ်တယ်။ ပြောချင်တိုင်း ပြော၊ အော်ချင်တိုင်း အော်လို့ ရတယ်ပေါ့နော်။ သူများအိမ်နဲ့လည်း မတူဘူး၊ ဟိုတယ်နဲ့လည်း မတူတော့ အဲဒီအတွက်ကြောင့် အိမ်ကိုတော့ ညီမအရမ်းကြိုက်တယ်။

မေး- အားပေးနေတဲ့ ပရိသတ်တွေအတွက်ရော ဘယ်လိုမျိုး အနုပညာလှုပ်ရှားမှုလေးတွေ ရှိဦးမလဲဆိုတာ ပြောပြပေးပါဦး။

ညီမကို အကုန်လုံး မေးကြတယ်။ ဗီဒီယိုတွေ ပျောက်သွားတော့ ညီမတို့လည်းပျောက်နေကြတယ်ပေါ့ ဟုတ်တယ် ညီမတို့လည်း အကုန်ပျောက်နေတာပေါ့နော်။ ဗီဒီယိုတွေ မရှိတော့ ညီမတို့လည်း ဘယ်လိုပုံစံနဲ့ ပြန်ဝင်ရမလဲဆိုတာကို စဉ်းစားတဲ့အခါကျတော့ ညီမတို့ လုပ်တတ်တာ သီချင်းတစ်ခုပဲ ရှိတော့တယ်။ ညီမက သီချင်းလည်း မရေးတတ်ဘူး၊ ဇာတ်ညွှန်းလည်း မရေးတတ်ဘူး။ ဇာတ်ညွှန်းရေးတတ်ရင်တောင်မှ အခုအချိန်မှာ ကိုယ့်ကို ငှါးမယ့် သူမရှိဘူး။ အဲဒီတော့ အခုအချိန်မှာ ဘာလုပ်လည်းဆိုတော့ သီချင်းလေး မတောက်တခေါက်လေး ဆိုတတ်တဲ့အခါကျတော့ အဲဒါလေးကို အဆင်ပြေလာအောင် ကြိုးစားနေတယ်။ ကြိုးစားပြီးတော့မှပဲ ပရိသတ်ကို ဘာလုပ်မယ်ဆိုတာကို ပြောချင်တယ်။ ညီမက အခွေတွေ ထွက်တော့မှာ ၊ စီးရီးတွေ ထွက်တော့မှာ ပြောရလောက်အောင်လည်း ညီမက အဲဒီလောက်ထိ အသံမကောင်းသေးဘူး ။ ကျင့်ရဦးမှာ၊ ကြိုးစားရဦးမှာပေါ့။ အချိန်ကာလတစ်ခုတော့ လိုအပ်ဦးမှာပေါ့နော်။


ဖူးဖူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com
“အသက်ကြီးလာရင် ပြင်ဦးလွင်မှာ ခြံဝင်းလေးနဲ့ အပင်လေးတွေ စိုက်ပြီး နေမယ်” ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် ဖူးပွင့်သခင် - Celebrity Interview on Property from iMyanmarHouse.com

Other Celebrity Interviews

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)