အိမ်ဆိုတာအဖေက အမိုး ၊ အမေက နံရံ၊ သားသမီးတွေက အခင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသူ
Posted by အိမ့်မှူးခင် (iMyanmarHouse.com)
အိမ်ဆိုသည်မှာ စကားလုံးတစ်လုံးမျှသာ။ အဓိပ္ပာယ်ကမှု ကျယ်ပြန့် နက်ရှိုင်းလွန်းလှ သည်။ နွေးထွေးလွန်းသည်။ ကြားရုံမျှဖြင့်ပင် စိတ်ချမ်းသာမူကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့်ပင် လူတိုင်း၊ လူတိုင်းသည် နားခိုရာ အိမ်တစ်လုံးကို ပိုင်ဆိုင်လိုခဲ့ကြသည်။ တောင့်တကြသည်။ စိတ်ကြိုက်အိမ်ပုံစံတစ်ခုကိုဖြင့် စိတ်ကူးနက်နက်တွင် တည်ဆောက်ခဲ့ကြသူချည်း ပင်။
ထိုအထဲကမှ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အေးမြတ်သူ က သစ်သားဖြင့် တည်ဆောက်ထားသည့် အိမ်လေးကို သဘောကျနှစ်သက်သူပါဟု ပြောပြခဲ့ချိန် သူ့ စိတ်ကူးထဲက ဖွင့်ဆိုထားသည့် အိမ်၏ ဝေါဟာရနှင့် သူ့ကိုယ်ပိုင်မိသားစုအကြောင်း၊ သူ့အနုပညာလှုပ်ရှား မှုများကို တွေ့ဆုံမေးမြန်းခဲ့ပြီး iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ပရိသတ်ကြီး အတွက် ပြန်လည်ရေးသားဖော်ပြလိုက်သည်။
မေး - အိမ်ဆိုတဲ့ ဝေါဟာရလေးအပေါ် အေးမြတ်သူ ဖွင့်ဆို ချင်တဲ့ အဓိပ္ပာယ်က ဘယ်လိုဖြစ်မလဲ။
အိမ်ဆိုတာ မိသားစု သိုက်သိုက်ဝန်းဝန်း မေတ္တာ တရားတွေနဲ့ နေရတာမျိုးလို့ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။အိမ် ဆိုတာ အဖေက အမိုး၊ အမေက နံရံပေါ့ ၊ သားသမီးတွေကတော့ အခင်းလို့ အေးမြတ်သူက သတ်မှတ်ပါတယ်။
မေး - ကိုယ်တိုင် ဖန်တီးတည်ဆောက်ချင်တဲ့ မိသားစုပုံစံကကော ဘယ်လိုပုံစံဖြစ်မလဲ။
အခုလက်ရှိနေနေတဲ့မိသားစုပုံစံလေးပဲ ၊ အဖေရယ် အမေရယ် ၊ အေးမြတ်သူ အိမ်ထောင်ပြုဖြစ်ခဲ့ရင် အမျိုးသား ရယ်၊ သားသမီးတွေရယ် သိုက်သိုက်ဝန်းဝန်းနဲ့ နေမယ်။ ပြီး တော့ ကိုယ့်လိုပဲ သားသမီးကို အသက် ၁၇၊ ၁၈ အရွယ် ရောက်ရင် လွှတ်ချလိုက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကကိုယ့်ကိုယ်ကိုယ် သွန်သင် နိုင်တယ်။ ဘ၀ရပ်တည်နိုင်အောင်လုပ်ပေးတယ်။ အမေ အဖေ ကသာ ကိုယ့်ကိုအရမ်းချစ်ပြီး နောက်ကလိုက်လုပ်ပေးနေရင် ဒီလောက်ထိရှေ့ကို ရဲရဲဝံ့ဝံ့ရောက်မှာမဟုတ်ဘူး။ အမြဲတမ်း ကြောက်နေမယ်။ မိဘကို အားကိုးနေရမယ်။
အဲဒီအတွက် ကိုယ်နေခဲ့တဲ့ ကိုယ်ရခဲ့တဲ့ Life အတိုင်း ပဲ ကိုယ့်မိသားစုကို သွားဖို့စဉ်းစားတယ်။ အိမ်သည် မိရယ်၊ ဖရယ်၊ သားသမီးတွေရယ် သိုက်သိုက်ဝန်းဝန်း အေးအေး ချမ်းချမ်းရှိရမယ်လို့ ခံယူထားတဲ့အတွက် ကိုယ့်မိသားစုကို လည်း အဲဒီလိုပဲထူထောင်မယ်။
မေး - ဒါဆို အေးမြတ်သူရဲ့အောင်မြင်မူတွေက မိသားစုရဲ့ ဂရုစိုက်အားပေးခြင်းတွေကြောင့်လိုကော ဆိုလို့ရလား။
အေးမြတ်သူက မိသားစုရဲ့ယုံကြည်မူ ရာနူန်းပြည့် ရခဲ့တာ ဖိအားပေးခဲ့တာမရှိဘူး။ အရာရာကို ရဲရဲဝံ့ဝံ့ လုပ်နိုင် အောင်၊ ကိုယ့်ဘာသာဆုံးဖြတ်ချက်ချနိုင်အောင် မိသားစုက ရာနူန်းပြည့် ယုံကြည်ပေးခဲ့တယ်။ အဲဒီ ယုံကြည်မူကြောင့်လည်း အေးမြတ်သူ ဒီနေ့ ဒီလိုမျိုးဖြစ်တာပါ။
မေး - အေးမြတ်သူ ဘယ်လိုနေရာမျိုးကို သဘောကျနှစ်သက်လဲ။
အေးမြတ်သူက စိတ်ချမ်းသာမူသာရမယ်ဆိုရင် ဘယ်နေရာမှာပဲ နေရနေရနေနိုင်တယ်။ အဓိက စိတ်ချမ်းသာမူပါပဲ။
မေး - အေးမြတ်သူက လက်ရှိမှာ ကွန်ဒိုအခန်းနဲ့ နေတယ်ဆို တော့ သဘောကျတဲ့ အိမ်အမျိုးအစားက ကွန်ဒိုပုံစံပဲလား။
တကယ်တော့ သစ်သားနဲ့ တည်ဆောက်ထားတဲ့အိမ် လေးတွေကို အေးမြတ်သူ အရမ်းသဘောကျတယ်။ နေရတာ လည်း အေးတယ်။ အဲဒီလိုမျိုးလည်း နေချင်တယ်။ရေကန်ဘေး မှာ အိမ်လေးဆောက်ပြီး လလေးကျနေတာအရမ်းသဘော ကျတယ်။ ဖြစ်နိုင်ရင် အဲဒီလို အိမ်လေးတွေကိုသာ ကိုယ့်စိတ် ကြိုက် ဖန်တီးပြီး နေချင်တာပါ။
မေး - အိမ်အတွင်းပိုင်း ပြင်ဆင်ရတာကော အေးမြတ်သူ သဘောကျလား။
အေးမြတ်သူက ရိုးရိုးနဲ့ရှင်းရှင်းလင်းလင်းပဲကြိုက်တယ်။ အရောင် ဆိုလည်း မျက်လုံးအေးမယ့် အရောင်မျိုးပဲကြိုက်တယ်။ ပြီးတော့ အိမ်ကိုကြည့်လိုက်တာနဲ့ ရှုပ်ယှက်ခက်နေတာမျိုးမကြိုက်ဘူး။ တည့်ရှင်းရှင်းကြီးကို ကြိုက်တယ်။ တအားကြီး အလှဆင်တာ မျိုးတွေမဟုတ်ဘဲ သင့်တင့်တဲ့ ဆက်တီတွေပဲသုံးမယ်။ ပတ်လည် မှန်လေးတွေ တပ်မယ်။ အေးမြတ်သူပိုက်ဆံရှိရင် ခေါင်မိုးကနေ လကိုမြင်ရ အောင် Flat အကြည်ရောင် ကာချင်တယ် ၊ သဘာဝအလင်းရောင် ကျနေတာကို အေးမြတ်သူ သဘောကျတယ်။
မေး - မိသားစုကိုသာ ဦးစားပေးချစ်တတ်တဲ့ အေးမြတ်သူ ဘယ်တော့လောက် စိတ်ကူးထဲက ပုံဖော်ထားတဲ့ မိသားစုဘ၀ လေးကို တည်ဆောက်မလဲ။
အေးမြတ်သူလည်း မိသားစု ဘ၀တစ်ခုကို တည်ဆောက် ချင်နေပါပြီ။ အချိန်ကာလကပြောရခက်တယ်၊ အသက်ကြီးလာ တာနဲ့အမျှ အိမ်ထောင်ပြုဖို့ တွေဝေလာတယ်။ ပိုစဉ်းစားတတ် လာတဲ့အခါကျတော့ သတ်္တိနည်းလာတယ်။ အဲဒါကြောင့် အေးမြတ်သူလည်း တွန့်ဆုတ်နေမိတာပါ။
မေး - အိမ် နဲ့ ပတ်သတ်ပြီး အေးမြတ်သူရဲ့ ပရိသတ်တွေကိုအကြံ ပေးချင်တာမျိုးရှိလား။
အိမ်ဆိုတာ ပိုက်ဆံချမ်းသာခြင်းထက် နွေးထွေးမူ ရှိပြီး မေတ္တာတရားတွေပြည့်နေဖို့ပဲလိုပါတယ်။ မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ မိသားစုအပေါ်အချိန်ပေးနိုင်မူကပဲ အိမ်တစ်အိမ်ရဲ့တန်ဖိုးပါ။ အိမ်ကြီး၊ အိမ်ကောင်းတွေမှာ နေနိုင်မှ မိသားစုက ခမ်းနားထည်ဝါမူ ရှိတာ မဟုတ်ပါဘူး။ အဲဒီ့မိသားစု ဘယ်လောက်ထိ ပျော်ရွှင်နေကြလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါ တယ်။
ပြီးတော့ မိဘတွေကို ပိုက်ဆံ ဆယ်သိန်းလွှဲလိုက်မယ် ဆိုတာထက် ငါ့အမေဆီ တစ်ခေါက်ပြန်ပါဦးမယ်။ မိဘနဲ့အတူ ညစာထွက်စားလိုက်မယ်ဆိုတဲ့ အတွေးလေးကပဲ အိမ်ကို ပိုပြီး တော့ တန်ဖိုးတက်စေတယ်။ ပိုပြီးပြည့်စုံစေတာမို့ မိမိအိမ်၊ မိမိမိသားစုလေးကို တန်ဖိုးထားကြပါလို့ ပြောချင်ပါတယ်။
မေး - လတ်တလော အနုပညာလူပ်ရှားမူတွေရှိရင် ပြောပေး ပါအုံး။
လတ်တလောကတော့ တန်ဖိုးဆိုတဲ့ ရုပ်ရှင်ဇာတ် ကား ရိုက်နေပါတယ်။ အဲဒီကားမှာ အေးမြတ်သူက မိဘမဲ့ မိန်းကလေး။ မူးယစ်ဆေးဝါးရောင်းဝယ်ပြီး အသက်မွေးဝမ်း ကျောင်းရတယ်။ နောက်တော့ အမြင်မှန်ရသွားတယ်ပေါ့။လူငယ်တွေအတွက် ပညာရစေမယ့် ဇာတ်ကားလေးပါ။ ဒီကား ပြီးရင်MRTV နဲ့ရော ၊ MRTV 4 နဲ့ရော ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ရှိပါတယ်။ ။
အိမ်မှူးခင် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အင်တာဗျူး၍ ဖော်ပြပေးပါသည်။
Credit: iMyanmarHouse.com