အိမ်က ကျွန်တော့်အတွက် အေးအေးဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင်ခါရာ - Celebrity Interview on Property from iMyanmarHouse.com
5388 ကြိမ် ကြည့်ရှု့ပြီး

အိမ်က ကျွန်တော့်အတွက် အေးအေးဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင်ခါရာ

Posted by ဖူးဖူး (iMyanmarHouse.com)

အနုပညာ နယ်ပယ်တွင် တက်သစ်စ လူငယ် သရုပ်ဆောင် တစ်ဦးဖြစ်ပြီး မကြာသေးမီက မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းက ချီးမြှင့်ခဲ့သည့ှ် Star Awards ဆုရရှိထားသူ တစ်ဦးလည်း ဖြစ်သည်။ လက်ရှိတွင် ရုပ်ရှင်ဇာတ်ကားကြီး ရိုက် ကူးမှုများရှိလာပြီး ဇာတ်လမ်းတွဲများတွင်လည်း ၎င်း၏သရုပ်ဆောင် အနုပညာပြချက်များကို မြင်တွေ့လာရပြီဖြစ်သည်။ ၎င်းနှင့်တွေ့ ဆုံ၍ အိမ်နှင့်ပတ်သက်သည့် ဖြေကြားချက်များအား ဖော်ပြပေးလိုက် ရပါသည်။

မေး။ လက်ရှိနေတဲ့ အိမ်လေးကရော ဘယ် လိုပုံစံလေးဖြစ်မလဲ ။

ကျွန်တော့် အိမ်လေးကတော့ ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူး။ အခုကတော့ အိမ်က အရမ်းကြီးဆန်းသစ်တာမျိုးတော့ မရှိဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ။ ကျွန်တော့် မိဘတွေရဲ့ အိမ်ပေါ့။ အများကြီးတော့ ပြင်ထားဆင်ထားတာတော့ မရှိဘူး။ မိသားစု ကောင်းကောင်းမွန်မွန်လေး နေလို့ ရတယ်။ အရှေ့က ခြံလေးဝန်းလေးနဲ့ အဲဒီလိုမျိုးလေးပါ။

မေး။ စိတ်ကူးထဲက ပုံဖော်ထားတဲ့ အိမ်ပုံစံလေးကို သိချင်ပါတယ်။

ကျွန်တော်လိုချင်တဲ့ အိမ်ကတော့ စတူရီယို Type ပုံစံမျိုးပေါ့။ အရမ်းကြီး အခန်းတွေ ဖွဲ့တာကို ကျွန်တော်မကြိုက်ဘူး။ အခန်းတွေ မများဘဲ Hall ပုံစံမျိုးပေါ့။ Partition Design က အပိတ်ပုံစံမျိုး မဟုတ်ဘူး။ အသေးလေးတွေနဲ့ Partition လေးတွေ လုပ်မယ်။ ပြီးရင် အလှဆင်မယ်။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ ထည့်မယ်။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပန်းချီကားတွေထည့်မယ်။ အဲဒီလိုမျိုးတွေတော့ စဉ်းစားထားတယ်။ ပြီးတော့ ကျွန်တော့် အိမ်လေးမှာ ရေကူးကန်လေးထားမယ်။ ကျွန်တော့်ရဲ့ Gym ဆော့တဲ့အခန်းလေး ရှိမယ်။ အဲဒီလိုမျိုးလုပ်ဖို့အတွက်တော့ စဉ်းစားထားပါတယ်။

မေး။ အခန်းများတာ မကြိုက်ပေမယ့် Gym အတွက် အခန်းသီးသန့် ထားမယ် ဆိုပြီး စဉ်းစားဖြစ်တာတွေ့ရတယ်နော်။

အဓိကကတော့ ကျွန်တော်က Gym ဆော့ရတာကို ကြိုက်လို့ပါ။ ကျွန်တော့် အိမ်လေးမှာတော့ Gym အခန်းပါမယ်။ ပြီးရင် လက်ဝှေ့ထိုးတဲ့ အခန်းရှိမယ်။ Gym နဲ့ လက်ဝှေ့ထိုးတဲ့ အခန်းကတစ်ဆက်တည်းပဲ။ လက်ဝှေ့ထိုးတဲ့ ပစ္စည်းတွေရှိမယ်။ ရေကူးကန်ရှိမယ်။ ကျွန်တော်က ရေကူးတာကို သဘောကျတယ်လေ။

မေး။ အနုပညာနဲ့ ပတ်သက်ရင်ရော ဘယ်လိုစိတ်ကူးထားသေးလဲ။

အနုပညာနဲ့ ပတ်သက်ရင်တော့ ရုပ်ရှင်ကြည့်ဖို့ အတွက် အခန်းလေးတစ်ခန်းတော့ရှိမယ်။ ကျွန်တော့် ရုပ်ရှင်ကားတွေလည်း ကြည့်မယ်။ ပြီးတော့ ကျွန်တော်ရုပ်ရှင်နဲ့ ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင် အဲဒီအခန်းလေးထဲမှာပဲ သေချာလေ့လာ ပြီးတော့ လုပ်မယ်။ နောက်အခန်း တစ်ခန်းကတော့ Meeting ခန်းလေးပေါ့။ အဲဒီ အခန်းလေးမှာတော့ ကျွန်တော့် ရုပ်ရှင် ဇာတ်ကောင်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်လုပ်နိုင်ဖို့ အတွက်ပါ။ အဲဒီလိုမျိုးလေးတော့ စဉ်းစားထားတယ်။

မေး။ ဒါက ကိုယ်ပိုင်မိသားစုလေးနဲ့ နေတဲ့အခါကျရင် တည်ဆောက်မယ့် ပုံစံမျိုးလား။

ဟုတ်ပါတယ်။ ကိုယ်ပိုင်မိသားစုလေးဖြစ်လာရင် နေဖို့အတွက် စိတ်ကူးထားတယ်လို့ ပြောရမှာပေါ့။ (ရယ်လျက်)။

မေး။ အခုရော စိတ်ကူးထဲကအိမ်လေးကို တည်ဆောက်ဖို့ နီးစပ်နေပြီလား။

သိပ်တော့ မနီးစပ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ကြိုးစားနေတယ်။ မကြာခင်တော့ ဖြစ်လာတော့မှာပါ။

မေး။ အခုနေတဲ့ အိမ်အခန်းလေးမှာရော Decoration ဆင်ထားတာတွေများ ရှိမလား။

အဲ့လိုမျိုးတော့ အခန်းထဲမှာ အလှဆင်ထားတာမျိုး တော့မရှိပါဘူး။ အများကြီးလည်း မလုပ်ထားဘူး။ ကျွန်တော်က အမြဲအလုပ်ရှုပ်နေတယ်။ ပြီးတော့ ဒီလိုမျိုးအလှဆင်တာက အချိန်ပေးရတယ်။ ပိုက်ဆံလည်း အရမ်းပေးရတယ်ဆိုတော့ အခု လောလောဆယ်တော့ မလုပ်ထားသေးဘူး။ မလုပ်လည်း မလုပ်ချင်သေးဘူး။

မေး။ အိမ်အရောင်လေးဆိုရင်ရော ဘယ်လို အရောင်လေးတွေ ကြိုက်နှစ်သက်လဲ။

Grey Colour လေးတွေကိုတော့ ကြိုက်တယ်။ အဖြူ ရောင်ကြိုက်တယ်။ အနက်ရောင် ကြိုက်တယ်။ အဲဒီသုံးရောင်ပဲ ကြိုက်တယ်။

မေး။ တချို့ကျတော့ အခန်းများရင် မိသားစုနေလို့ အဆင် ပြေလို့ ကြိုက်ကြတယ်။ ခါရာ ကျတော့ အခန်းများတာကို မကြိုက်တာက ဘယ်လိုမျိုး အကြောင်းအရာတွေကြောင့် ဖြစ်မလဲ။

အဓိက ကတော့ ကျွန်တော်က လွတ်လပ်မှုကို ကြိုက်နှစ်သက်တာပေါ့။ ကျွန် တော့်ကို ကြည့်လိုက်တာနဲ့ အဲဒီလိုမျိုး အခန်းကျဉ်းကျဉ်းလေးမှာ ပိတ်နေရင် အတွေး အခေါ်တွေကအစ အရမ်းပိတ်ဆို့ နေတယ်လို့ ကျွန်တော်ထင်တယ်။ အခန်းကျယ်တော့ ပိုပြီးတော့ အဝေး ကိုပိုမြင်ရမယ်။ ပိုပြီးတော့တွေးလို့ရမယ်။ စဉ်းစားလို့ရမယ်။ စိတ် လည်းပိုပြီးတော့ လန်းဆန်းတယ်လို့ထင်တယ်။ ကျွန်တော်မြက်ခင်းပြင်လေးကို ကြည့်ပြီးတော့ အေးအေးချမ်းချမ်းလေး နေရတာထက် အခန်းကျဉ်းကျဉ်းလေးထဲမှာ လှောင်ပိတ်ပြီးတော့နေရတာ၊ အရောင်အသွေးမရှိတဲ့ အခန်းတွေထဲမှာ နေရတာက ကျွန်တော့်အတွက်တော့ တော်တော်လေးကို စိတ်မွန်းကြပ်စေပါတယ်။ အဲဒီလိုမျိုးခံစားရတယ်။ အဲဒါကြောင့် ကျွန်တော်အိမ်ကိုလည်း ကြည့်လိုက်တာနဲ့ လွတ်လွတ်လပ်လပ်နဲ့ အတွေးအခေါ် တွေကအစ လွတ်လွတ်လပ်လပ်ဖြစ်နေတာမျိုးကို ဖြစ်စေချင် တယ်။ အဲဒါကြောင့် အိမ်ပုံစံ ရွေးတဲ့အခါ အဲဒီပုံစံလေးကို ရွေး ချယ်မယ်လို့ စဉ်းစားထားတာပါ။

မေး။ ကိုယ်ဆောက်ချင်တဲ့ အိမ်ပုံစံလေးတွေကိုရော အင်တာနက် ဒါမှမဟုတ် အိမ်ခြံမြေ၀က်ဆိုက်ပေ့ခ်ျလိုနေရာတွေက ရှာဖြစ်တာလား။

စောစောက ကျွန်တော်ပြောပြတဲ့ အိမ်ပုံစံလေးက တော့ ကျွန်တော့် စိတ်ကူးလေးပါပဲ။ ဒီစိတ်ကူးလေးက ကျွန်တော့်အတွေး ထဲကပဲ လာတာပါ။ အင်တာနက်မှာ ကြည့်ရင်တော့ အများကြီး တွေ့ရပါတယ်။ ဖေ့ဘွတ်ထဲမှာ လည်း အိမ်တွေဘယ်လိုဆောက်ကြလဲဆိုတာမျိုး တွေ့မြင်ရတာပဲလေ။ ကျွန်တော်လည်း အဲဒီကနေပြီး တော့ ကြည့်ဖြစ်တာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ စောစောကပြောတဲ့ ပုံစံလေးကတော့ ကျွန်တော့်စိတ်ကူးပေါ့။ အမြဲတမ်းတော့ အဲဒီလိုမျိုးတော့ မလေ့လာဘူး။ အိမ်ဝယ် နိုင်တဲ့ အချိန်ကျမှပဲ လေ့လာတော့မယ် (ရယ်လျက်)။

မေး။ အိမ်ဆောက်မယ်ဆိုရင် ရော အထပ်မြင့် ပုံစံကိုပဲ တည်ဆောက် ဖြစ်မှာလား။

ကျွန်တော် အထပ်မြင့်ကိုတော့ အရမ်းကြီးသဘောမကျဘူး။ နှစ်ထပ်လောက်ဆိုရပါပြီ။ ခပ်ကျယ်ကျယ်ပဲ အထပ်မြင့် မကြိုက်ဘူး။ ခြံဝန်းကလည်း အဲဒီလိုမျိုးပဲ ခပ်ကျယ် ကျယ်ပဲကျယ်လေကောင်းလေပဲ။

မေး။ ရန်ကုန်မဟုတ်တဲ့ တခြား နေရာမှာနေခွင့်ရမယ်ဆို ဘယ်နေရာမှာ နေချင်တာလဲ။

ကျွန်တော်ကတော့ ရန်ကုန်မှာ မဟုတ်ဘဲနဲ့ တခြားနေရာ ဆိုရင်တော့ မွေးရပ်မြေဇာတိမှာပဲ နေချင်တယ်။ မိုးကုတ်မြို့ပေါ့။ အဲဒီ နေရာမှာ သွားနေချင်ပါတယ်။

မေး။ ခါရာအနေနဲ့ အိမ်ဆိုတဲ့ စကား လုံးလေးကို ဘယ်လိုမျိုး ညွှန်းဆိုချင်လဲ။

အိမ်ဆိုတာတော့ ဘယ်လိုပြောရမလဲ။ နားခိုရာတစ်ခုပဲပေါ့။ အိမ်မှာကတော့ နွေးထွေးမှုတွေလည်း ရှိတယ်။ အိမ်က ကျွန်တော်က အေးအေးဆေးဆေးနေတတ်တဲ့ သူတစ်ယောက်ဆိုတော့ အိမ်က ကျွန်တော့်အတွက် အေးအေး ဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်ရောက်တာနဲ့ ကျွန်တော်ရဲ့ ပင်ပန်းသမျှတွေ အကုန်လုံး အမောပြေသွားတယ်။ အိမ်ရောက်တာနဲ့ ပိုပြီးတော့ စဉ်းစားလို့ရတယ်။ အလုပ်လုပ်တဲ့ အချိန်ကျရင်လည်း အပြင်မှာ လုပ်ရတာထပ် အိမ်မှာ လုပ်ရတာ ပိုပြီးတော့ ကောင်းတယ်။

မေး။ တခြားသော နေရာတွေထက် ကိုယ့်အိမ်လေးက နေရတာ ပိုအဆင်ပြေတယ်လို့ ပြောချင်တာလား။

အဲဒါတော့ ဟုတ်ပါတယ်။ အဲဒီလိုမျိုး အစွဲတော့ ရှိကြတာပေါ့။ ကိုယ့်အခန်းထဲမှာကျတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်နဲ့ အမြဲတမ်း နေလာကျဆိုတော့ ဘယ်နေရာ ဘာထားတယ်။ ဘယ်ပစ္စည်း ဘယ်နေရာမှာ ရှိတယ်ဆိုတာ သိနိုင်တယ်လေ။ နေသားကျသွားတယ်လေ။ ကိုယ့်အခန်းကနေလို့အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ကိုယ်ဘာလိုချင်တယ်။ ဘာတွေထားချင်တယ်ဆိုတာကအစ အကုန်လုံးသိထားပြီးသားဆိုတော့ အဆင်ပြေတာပေါ့။

မေး။ အနုပညာ လှုပ်ရှားမှုလေးအနေနဲ့ ရော ဘာတွေများရှိနေမလဲ။

ကျွန်တော် ရုပ်ရှင်ရိုက်ဖို့တော့ ရှိပါတယ်။ မဖဲဝါဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ်။ အဲဒါကတော့ ထိုင်းက ဒါရိုက်တာတွေနဲ့ တွဲဖက်ပြီးတော့ ရိုက်ကူးဖြစ်မှာပါ။ အဲဒီနောက် ပိုင်းတော့ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ရှိတယ်။ ဒီနှစ်ထဲမှာတော့ ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ပဲ ရိုက်ကူးဖြစ်သွားမှာပါ။

မေး။ Star Awards ဆုရှင် တစ်ယောက် အနေနဲ့ နောက်ပိုင်းမှာ ပရိသတ်တွေအတွက် ဘယ်လိုအနုပညာ လှုပ်ရှားမှုတွေကို ထပ်မြင်ရမယ်လို့ ပြောချင်တာမျိုး ရှိမလဲ။

ကျွန်တော့် ကားတွေဆိုရင် ကျွန်တော် အကောင်းဆုံးဖြစ်အောင် ရွေးချယ် ပြီးတော့ ရိုက်တယ်။ ပရိသတ်တွေအတွက်ကို တန်ဖိုးရှိတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်မယ်။ ကွာလတီကောင်းတဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်အောင်လို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ပေါ့ပေါ့ပျက်ပျက်ဇာတ်ကား မျိုးတွေဆိုရင် မရိုက်ချင်ဘူး။ ဇာတ်အရမ်းလည်းရွေးတယ်။ ပရိသတ်ကို သေချာချပြမယ် ရုပ်ရှင်အနှစ်သာရ တစ်ခု၊ ဇာတ်ကောင်တစ်ခုရဲ့တန်ဖိုးကိုလည်း ပေါ်လွင်အောင်လို့ ကျွန်တော် ချပြချင်တယ်။ ပိုပြီးတော့ ပီပြင်အောင်လို့ ကြိုးစားနေပါတယ်။ အဲဒီလိုမျိုးတွေကို နောက်ပိုင်းမှာ တဖြည်းဖြည်း နဲ့ ပိုပြီးတော့ မြင်တွေ့လာရပါလိမ့်မယ်။



ဖူးဖူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အိမ်က ကျွန်တော့်အတွက် အေးအေးဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင်ခါရာ - Celebrity Interview on Property from iMyanmarHouse.com
အိမ်က ကျွန်တော့်အတွက် အေးအေးဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင်ခါရာ - Celebrity Interview on Property from iMyanmarHouse.com
အိမ်က ကျွန်တော့်အတွက် အေးအေးဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင်ခါရာ - Celebrity Interview on Property from iMyanmarHouse.com
အိမ်က ကျွန်တော့်အတွက် အေးအေးဆေးဆေးနေလို့ရမယ့် နေရာလေးတစ်ခုပါပဲ ဆိုတဲ့ သရုပ်ဆောင်ခါရာ - Celebrity Interview on Property from iMyanmarHouse.com

အခြား Celebrity အင်တာဗျူးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)