လှည်းကူးမြို့နယ် အ မြန်လမ်းဘေးရှိ မြေဧက ၁,၆၀၀ ကျော်တွင် အကောင်အထည်ဖော်မည့် Eco Green City စီမံကိန်းကို ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။
ယခင်အစိုးရလက်ထက်က ချုပ်ဆိုထားသည့် စာချုပ်များအရ အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ကျပ် ၉၆ ဘီလီယံရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်း စတင်အ ကောင်အထည်ဖော်မည် ဖြစ် ကြောင်း ဇန်န၀ါရီ ၂၃ ရက်က အဆိုပါစီမံကိန်းမြေနေရာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဌာနတာဝန်ရှိသူများကပြောကြားသည်။
‘‘စီမံကိန်းအကောင်အထည် ဖော်ဖို့ ကုမ္ပဏီဘက်က Master Plan (စီမံကိန်းပုံစံ)ကို ပြန်လည် ရေးဆွဲနေတယ်။ ဒါပြီးမှ ဘယ် လောက်ကုန်ကျစရိတ်ရှိမယ်ဆို တာ သိရမယ်’’ဟု ဦးမြင့်နိုင်က ပြောသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာ ၄,၀၀၀ ခန့်ကို ၂၀၁၈ မှ ၂၀၂၁ အတွင်း ဆောက်လုပ်မည်ဖြစ်ပြီး ၀င်ငွေကျပ် ငါးသိန်းအောက် မိသားစုများကို ဦးစားပေးရောင်း ချမည်ဟု ဆိုသည်။
လက်ရှိအစိုးရသည် အဆိုပါ စီမံကိန်းအတွက် ယခင်အစိုးရ ချုပ်ဆိုခဲ့သော စာချုပ်များကို ပြန် လည်ပြင်ဆင်ခြင်းမရှိဘဲ ဆက် လက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။ စီမံကိန်းမြေနေရာကိုလည်း နိုင်ငံတော်မြေအဖြစ် လယ်ယာစိုက်ပျိုးရေးဌာနက လွှဲပြောင်းရယူခဲ့ပြီး ယင်းမြေဧရိယာသည် ဧက ၁,၆၀၀ ကျော်ဖြစ်သော်လည်း စီမံကိန်းအသုံးပြုမည့် မြေသည် ဧက ၁,၄၀၀ ကျော်ဖြစ်သည်။
စီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး အစိုးရဘက်က ရှယ်ယာအချိုး ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ရနိုင်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
စီမံကိန်းဧရိယာအတွင်း ကျူးကျော် အိမ်ခြေ ၄,၀၀၀ ကျော်ကို ၂၀၁၇ ဇွန်လ၁၂ ရက်က ရဲတပ်ဖွဲ့နှင့် အရပ်သားအလုပ်သမားအင်အား ၂,၀၀၀ ခန့်ဖြင့် ရှင်းလင်းခဲ့သည်။
အထက်ပါဦးစီးဌာနသည် စီ မံကိန်းကို နိုင်ငံတော်မြေတွင် အ ကောင်အထည်ဖော်ခြင်းကြောင့် မြေယာလျော်ကြေးတစ်စုံတစ်ရာ ပေးလျော်ထားခြင်းမရှိကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။
အိမ်ရာစီမံကိန်းအတွက် အသုံးပြုမည့် ဘတ်ဂျက်ပမာဏ၊ စီမံကိန်းဆိုင်ရာအချက်အလက် များကို လွှတ်တော်အနေဖြင့်မသိရှိသေးကြောင်း လှိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဆိုသည်။
Eco Green City အိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းအတွင်း ပထမဆုံးဆောင်ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင်သော စီမံကိန်းဖြစ်သည်။ တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာကုန်တွင် စီမံကိန်းပန္နက်တင်အခမ်းအနားပြုလုပ်ခဲ့သည်။
Credit: 7Daydaily