စပါးစိုက်ပျိုးသည့် လယ်ကွင်းများ အကြားမြေ နီ လမ်းသွယ်လေး၏ တစ်ဖက်တစ်ချက်တွင် ယခုရက်ပိုင်းတွင်း ဓာတ်တိုင်များလာ ရောက် သွယ်တန်းနေသည်ကို တွေ့ရှိရသဖြင့် တွံတေးမြို့နယ်မှ တမာတကောရွာသားကြီး ဦးသိန်းစိုးဝင်းတစ်ယောက် အထူးအ ဆန်း ဖြစ်နေသည်။
ရန်ကုန်-တွံတေးကားလမ်း နံဘေး တမာတကောရွာသား ဦးသိန်းစိုးဝင်း၏ အတွေးတွင်မူ ပြီးခဲ့သည့်နှစ်က တိုင်းဒေသကြီး အစိုးရကိုယ်တိုင် လုပ်ဆောင်မည် ဟု ကြေညာပြီးမှ ရပ်ဆိုင်းခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည် စတင်တော့မည်လားဟု တွေး တောမိလျက်ရှိသည်။
ဦးသိန်းစိုးဝင်းတွေးမိသကဲ့ သို့ အဆိုပါ နေရာအပါအ၀င် ရန်ကုန်၏ မြို့စွန်မြို့နယ်ပေါင်း ခုနစ်မြို့နယ်၏ စတုရန်းမိုင် ၁၀၀ ကျော်တွင် မြို့သစ်အဖြစ် တိုးချဲ့ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက စီစဉ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြီးခဲ့သည့် မေလကတင်ပြထား ခဲ့ပြီး ဖြစ်သည်။
‘‘လက်ရှိ ရန်ကုန်ရဲ့ ဧရိယာ ၃၄၀ စတုရန်းမိုင်ရှိတယ်။ အဲဒါ ကို မိုင် တစ်ရာကျော်လောက် ထပ်ချဲ့ဖို့ လွှတ်တော်ကိုတင်ပြီး သွားပါပြီ။ လွှတ်တော်က အတည်ပြုတာနဲ့ လုပ်ငန်းစလို့ရပါပြီ’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး က ပြောသည်။
သို့သော် ၂၀၁၄ တွင် တိုင်း ဒေသကြီး အစိုးရနှင့်စည်ပင်အစီ အစဉ်နှင့် ကြည့်မြင်တိုင်တစ်ဖက် ကမ်းတွင် တိုးချဲ့ရန်စီစဉ်နေ သည့် မြို့သစ်စီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ နီးစပ်ရာ ကုမ္ပဏီ သို့ လုပ်ကိုင်ခွင့်ပြုခဲ့၍ မီဒီယာနှင့် အမတ်အချို့က ဖိအားပေးသဖြင့် မြို့သစ်စီမံကိန်းမှာ ရပ်ဆိုင်းခဲ့ရ ဖူးသည်။
မှော်ဘီ၊ လှည်းကူး၊ ထန်း တပင်၊ ဒဂုံ(အရှေ့)၊ သန်လျင်၊ ဒလ၊ တွံတေးမြို့နယ်များတွင် မြို့သစ်စီမံကိန်းများအဖြစ် တိုးချဲ့ရန် လျာထားသည်။ အဆိုပါ အစီအ စဉ်မှာ ၂၀၁၃ က မြို့တော်စည်ပင် နှင့် JICA တို့ ပူးပေါင်းရေးဆွဲခဲ့ သည့် မြို့ပြစီမံကိန်း အစီအမံအရ တိုးချဲ့ရန် ပြင်ဆင်လာခြင်း ဖြစ် သည်။
လူဦးရေ ငါးသန်းကျော်၊ ၃၀၆ စတုရန်းမိုင်ရှိသည့် ရန် ကုန်ကို နိုင်ငံတကာ စံနှုန်းအရ တစ်နှစ်လျှင် လူဦးရေ တိုးနှုန်း ၃ ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ၂၀၅၀ တွင် ရန်ကုန်၏လူဦးရေ မှာ ၁၅ သန်းမှ သန်း ၂၀ အထိ ရှိလာနိုင်သည်ဟု ရန်ကုန်မြို့ပြ စီမံကိန်း ရေးဆွဲသည့် ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) က ခန့် မှန်းထားသည်။
ထို့ကြောင့် မြို့သစ်ဧရိယာ များအဖြစ် မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ သန်လျင်၊ ဒလ၊ တွံ တေးမြို့နယ်များတွင် တိုးချဲ့ပါက အိမ်ရာ ယူနစ်ပေါင်း ခြောက်သိန်း ကျော်ကို လူနေရန် ဖန်တီးပေးရ မည်ဟု JICA က ခန့်မှန်းတွက် ချက်ပေးထားသည်။
ထိုကြောင့် အဆိုပါ ဧရိယာ များအားလုံးကို လွှတ်တော်က အ တည်ပြုလိုက်ပါက ရန်ကုန်မြို့ သစ်စီမံကိန်းအဖြစ် ပေါ်ထွက် လာတော့မည် ဖြစ်သည်။ ဒေသခံ များက စီမံကိန်းတွင် ပါဝင်ဖွယ်ရှိ သော နေရာများကို မှန်းဆလျက် စမ်းတ၀ါးဝါးဖြင့် မျှော်လင့်နေကြ ပြီ ဖြစ်သည်။
‘‘ကျွန်တော်တို့က ရန်ကုန်နဲ့ မြစ်တစ်ဖက်ကမ်းပဲ ခြားတယ်။ ဒါပေမဲ့ လူမှုဘ၀တွေက အရမ်း ကြီးတိုးတက်မလာသေးဘူး’’ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်း အ လတ်ချောင်းကျေးရွာမှ ဒေသခံ ဦးမြင့်စိုးဝင်းက ပြောသည်။
ရန်ကုန်မြို့သို့ လာရောက်ရန်တံတားမရှိသဖြင့် လှိုင်သာယာမှ ကွေ့ပတ်၍ လာရောက်ရခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှား ပါးခြင်း၊ နွေရာသီတွင် ရေရှားခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်း များ လောက်ငမှု မရှိခြင်းတို့ ကြောင့် ရန်ကုန် တစ်ဖက်ကမ်း ဒေသခံများက မြို့သစ်စီမံကိန်းကို အကြီးအကျယ် မျှော်လင့်လျက်ရှိသည်။
ရန်ကုန် တစ်ဖက်ကမ်း ဒေသခံများနှင့်အတူ သန်လျင်၊ မှော်ဘီ၊ ထန်းတပင်မြို့နယ်များ တွင်လည်း မြို့သစ်တိုးချဲ့မည်ဆို သော သတင်းများကြောင့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် အလှုပ်ရှားဆုံး ဖြစ်လာခဲ့သည်။
‘‘ဟိုနားမှာ ဘာလာ ဆောက်မယ်၊ ဒီနားမှာ ဘာလာ ဆောက်မယ်ဆိုပြီး ပွဲစားတွေက မြေဈေးကို လှုပ်အောင် လုပ်နေ တာ၊ ခိုင်လုံတဲ့ သတင်းဆိုတာတော့ အခုထိဘာမှ မရှိသေးဘူး’’ဟု ထန်းတပင်မြို့နယ်တွင် မြေ၀ယ်ယူထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လတ်တလောတွင် ရန်ကုန် မှလာပြီး မြေ၀ယ်ယူထားသည့် လုပ်ငန်းရှင်များက မြေကိုအလ ဟဿမဖြစ်စေရန် ပုဂ္ဂလိက စက် သုံးဆီဆိုင်များဖွင့်၍ စီးပွားဖြစ် လုပ်ကိုင်နေပြီး မြို့သစ်စီမံကိန်း အလားအလာအတွက် အမြော် အမြင်ဖြင့် စောင့်ကြည့်နေကြ သည်ဟု အထက်ပါလုပ်ငန်းရှင် က ဆိုသည်။
မြို့သစ်ချဲ့ရန် ကြည့်မြင် တိုင်တစ်ဖက်ကမ်း ဒေသခံများက မျှော်လင့်နေသော်လည်း သန် လျင်နှင့် မှော်ဘီဒေသခံအချို့က ၎င်းတို့နေရာတွင် မြို့သစ်စီမံကိန်း စမည်ကိုပင် မသိရှိကြကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူဒေသ ခံ အချို့က ပြောသည်။
‘‘မှော်ဘီ မြို့စွန်ဘက်မှာ ရန်ကုန်က သူတွေက မြေအများ ဆုံး လာဝယ်ကြတယ်။ သူတို့မှာ တော့ လာဝယ်တိုင်း အကြံအ စည်တွေနဲ့ ချည်းပဲ။ ဒေသခံတွေ ကလည်း မြေပဲ ရောင်းစားနေကြ တယ်။ အလုပ်ကို ကောင်းကောင်း မလုပ်ကြတော့ဘူး’’ဟု မှော်ဘီ မြို့နယ် ကပရ၀င်းအနီး နေထိုင် သူ စာရေးဆရာကိုမြတ်မင်းချစ် က ပြောသည်။ မြို့သစ်စီမံကိန်း၏ အကောင်းအဆိုးကို နားမလည် ဘဲ မြေကို ထုတ်ရောင်းနေခြင်း က မိမိ၏လက်ငုတ်လက်ရင်း ပျောက်သွားနိုင်ပြီး ဘ၀အခြေအ နေပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ဆိုသည်။
‘‘မြို့သစ်စီမံကိန်း တကယ် စပြီးဟေ့ဆိုရင် အစိုးရရဲ့ လျော် ကြေးကနောက်မှ။ အခုထုတ် ရောင်းထားရင် ပိုမြတ်တယ်ဆို တော့ သဘောနဲ့ရောင်းဝယ်နေ ကြတာ’’ဟု မှော်ဘီမြို့နယ် ရွှေ လွန်းအိမ်အကျိုးဆောင်လုပ်ငန်း ရှင် ဦးတင်ကိုကိုလေးက ပြော သည်။
မြို့သစ်စီမံကိန်း ဧရိယာ တွင် ပါဝင်သည့် မြို့နယ်အချို့မှ ဒေသခံများအား မေးမြန်းချက်အရ မိမိမြို့နယ်အပေါ် ဖွံ့ဖြိုးတိုးတက် စေရန် လာရောက်လုပ်ကိုင်ခြင်း အပေါ် ကန့်ကွက်စရာအကြောင်း မရှိဟု အများစုက ဖြေကြားသည်။
‘‘မြို့သစ်စီမံကိန်းကို သီလ ၀ါလို ထပ်မဖြစ်စေချင်ဘူး။ သီလ ၀ါတုန်းက မြေယာလျော်ကြေး တွေက ရတဲ့သူရတယ်။ မရတဲ့ သူ မရဘူး’’ဟု သန်လျင်မြို့နယ် အေးချမ်းသာရပ်ကွက်မှ အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးက ပြော သည်။
မြို့သစ်စီမံကိန်း ပြန်လည် စတင်ပါက ပြီးခဲ့သည့် နှစ်ကကဲ့ သို့ အလျင်စလို တင်ဒါခေါ်မခေါ် ယူဘဲ ကုမ္ပဏီတစ်ခုသို့ လက် သင့်ရာပေးပြီး အကောင်အထည် ဖော်ခြင်းမျိုး မဖြစ်စေရန် ကောင်း မွန်သည့် စီမံခန့်ခွဲမှုဖြင့်သာ စတင်သင့်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
အစိုးရအနေဖြင့် စီမံကိန်း လုပ်ကိုင်ခွင့်ကို လက်သင့်ရာ မပေးဘဲ ကိုယ်ကျိုးစီးပွားမပါ သည့် မြို့သစ်စီမံကိန်းအဖြစ်သာ လုပ်ဆောင်သင့်သည်ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးကျော်က ပြောသည်။
‘‘ကုမ္ပဏီတစ်ခုကို လက် သိပ်ထိုးပေးပြီးမှ အများပြည်သူ ကို အသိပေးတဲ့ ပုံစံမျိုးနောက် တစ်ခါ မဖြစ်ဖို့တော့ လိုမယ်’’ ဟု ဦးကျော်က ဆိုသည်။
လက်ရှိ ရန်ကုန်၏ ဧရိယာ အရ မြို့ကို တိုးချဲ့ရန်လိုအပ်နေ သည်မှာ မှန်ကန်သော်လည်း စီးပွားရေး လုပ်ငန်းရှင် အများစု က ဒေါင်လိုက်(အထပ်မြင့်များ ဆောက်၍ချဲ့ခြင်း) ကို ပိုမိုလိုလား ပြီး မြို့ပြပညာရှင်များကမူ အ လျားလိုက် ချဲ့ရန် လိုအပ်သည်ဟု ပြောကြားထားသည်။
၁၉၉၀ အကျော်က ချဲ့ထွင် ခဲ့သည့် လှိုင်သာယာ၊ ရွှေပြည် သာ၊ ရွှေပေါက်ကံ၊ မြောက်ဥက္က လာ၊ တောင်ဥက္ကလာမြို့နယ်များ ကဲ့သို့ စနစ်မကျသည့် မြို့သစ်စီ မံကိန်းများ မဖြစ်ရန် လိုအပ်သည်ဟု မြို့ပြစီမံကိန်း ပညာရှင်ဦးဝင်းမြင့်က ဆိုသည်။
‘‘စနစ်မကျဘဲ မြို့ကိုချဲ့ရင် မြို့ကိုရွာတွေ ၀ိုင်းသလို ဖြစ်သွား လိမ့်မယ်’’ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစား ဦးမြင့်မိုရ်ဆွေက ထောက်ပြပြော ဆိုသည်။
ယခင်က ချဲ့ထွင်ခဲ့သည့် မြို့သစ်များတွင် လမ်းစနစ်၊ အခြေခံအ ဆောက်အအုံစနစ်နှင့် ရေမြောင်းစနစ် သယ်ယူပို့ဆောင်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် ယနေ့အထိ အားနည်းချက်များရှိနေပြီး အချိန်မီမပြုပြင် နိုင်သေးကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ဆိုသည်။
မြို့ကို မချဲ့ထွင်မီ လက်ရှိ ရန်ကုန်၏ခေတ်မမီ ကျဉ်းမြောင်း သည့် လမ်းများနှင့် တိုးပွားလာ သည့် ယာဉ်စီးရေများကြောင့် ခုံးကျော်တံတားများတည်ဆောက် ပြီး လက်ပူတိုက် အလျင်အမြန် ဖြေရှင်းနေခြင်းကလည်း ရေရှည် တွင် မထိရောက်နိုင်တော့သဖြင့် အချိန်မီ မြို့သစ်စီမံကိန်း တစ်ခု ဖော်ထုတ်ရန် လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြသည်။
လျာထားသော မြို့သစ်စီမံ ကိန်းဧရိယာတွင် ပါဝင်သည့် ဒေသခံအချို့ကမူ စီမံကိန်းကို အမြန်ဆုံး ဖြစ်လာရန် မျှော်လင့်နေ သည်။ အထူးသဖြင့် စီမံကိန်း ရပ်ဆိုင်းခြင်းခံထားရသော ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ပြည်သူများဖြစ်သည်။ စီမံကိန်းစလျှင် ၎င်းတို့ လယ်ယာမြေများ ဈေးကောင်းဖြင့် ရောင်းရမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးမည်ဟု ယုံကြည်နေခြင်းကြောင့်ပင်ဖြစ်သည်။
‘‘ရန်ကုန်ကို သွားချင်ရင် လှိုင်သာယာကနေ တစ်ကွေ့တစ်ပတ်သွားနေရတယ်။ တံတားထိုးလိုက် ရင် အချိန်လည်း တိုသွားမယ်။ ဆောက်လုပ်ရေးဒုဝန်ကြီးလွှတ် တော်ထဲမှာ ပြောသွားသလိုမျိုး ဆင်မလိုက်ဘက်ကနေ တံတား တစ်စင်း ထပ်ထိုးမယ်လို့ ပြော ထားတာ ဒီနေ့ထိ ဘာသံမှ မကြားရသေးဘူး’’ဟု ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဒေသဖွံ့ဖြိုးရေးကော်မ တီဒုဥက္ကဋ္ဌ ဦးဝမ်ကျင်က ပြော ကြားသည်။
ရန်ကုန်တစ်ဖက်ကမ်း ဒလ ဘက်သို့ တံတားထိုးရေးမှာ ကိုရီးယားချေးငွေဖြင့် ပြီးခဲ့သည့် လ နောက်ဆုံးပတ်က လွှတ်တော် အတွင်း အတည်ပြုလိုက်ပြီဖြစ် သည်။
ထို့ကြောင့် တံတားဆောက် ပြီးလျှင် မိနစ်ပိုင်းမျှပင် မြို့လယ် နှင့် သွားလာချိတ်ဆက်နိုင်မည့် ဒလဘက်ခြမ်းတွင် မြို့ဧရိယာချဲ့ ထွင်လိမ့်မည်ဟု လုပ်ငန်းရှင်အ များစုက မျှော်လင့်နေသည်။ ထို့ ကြောင့် ဒလဘက်ခြမ်းတွင် မြေ များရသလောက် ဝယ်ယူနေ၍ မြေ ဈေးတိုးတက်သွားခြင်းလည်း ဖြစ် သည်။
ထို့ကြောင့် ရွှေ့ပြောင်းအ ခြေချသူများဖြင့် နေ့စဉ် တိုးပွား လာသည့် လူဦးရေများအကြား ရန်ကုန်က မဖြစ်မနေ ချဲ့ထွင်ရ မည်ဖြစ်သော်လည်း ကောင်းမွန် မှန်ကန်သည့် စီမံခန့်ခွဲမှုများဖြင့် လုပ်ဆောင်မှသာ မြို့သစ်စီမံကိန်းက အကောင်းဘက်သို့ ဦးတည် နိုင်မည်ဖြစ်သည်။
သို့မှသာ အဘက်ဘက်က အားနည်းနေသည့် မြို့ပြအင်္ဂါရပ် ပိုင်းဆိုင်ရာ အားနည်းနေသည့် စီးပွားရေးမြို့တော်ကို ကယ်တင် နိုင်မည်ဖြစ်ကြောင်း မြို့ပြဗိသုကာပညာရှင်များက တထစ်ချ ယုံ ကြည်နေကြသည်။
မြေနီလမ်း နံဘေးတွင် လမ်း မီးတိုင်များ သွယ်တန်းနေသည်ကို ကြည့်ရင်း မကြာခင် ၎င်းတို့ရွာ လေး မီးလင်းလာတော့မည်ဟု ကိုယ့်အတွေးနှင့်ကိုယ် ဦးသိန်းစိုးဝင်းတစ်ယောက် စိတ်လှုပ်ရှားနေ လေသည်။
Credit: 7daydaily