ပန်းချီကျော် ပီကာဆို၏ မြေးမ ဖြစ်သူက ပီကာဆိုထံမှ အမွေ ရထားသော ပြင်သစ်နိုင်ငံ၊ ကန်စ်မြို့က စံအိမ်ကြီးကို ပေါင်သန်း (၁၀၀) ၀န်းကျင်ဖြင့် ရောင်းချ တော့မည်ဟု သိရသည်။ ထိုသို့ ရောင်းချရန် စီစဉ်ရခြင်းမှာ အဘိုးဖြစ်သူ ပီကာဆိုက သူ့အပေါ် ငယ်စဉ်က မကြင်နာ အေးစက်ခဲ့မှု အတိတ်ဆိုး များကို မေ့ပျောက် ပစ်ချင်၍ဟု ပြောသည်။
ယခုအခါ အသက် (၆၄) နှစ်ရှိနေပြီ ဖြစ်သော မာရီနာ ပီကာဆိုသည် သူ့အသက် (၂၂) နှစ်အရွယ် ကတည်းက ထိုစံအိမ်ကြီးကို အမွေရခဲ့ခြင်း ဖြစ်သည်။ La Californie စံအိမ်တော်ဟု အမည်ပေး ထားသည်။ မာရီနာတို့ ငယ်စဉ် ပီကာဆို နာမည် ကျော်ကြားစဉ်က အဘိုးဖြစ်သူ ပီကာဆိုသည် သူ့အပေါ် မကြင်နာ အေးစက်စွာ ဆက်ဆံကြောင်း၊ သူတို့ မိသားစုကို ဆင်းရဲတွင်းမှာ ပစ်ထားကြောင်း၊ ငယ်စဉ်က ဖခင်ဖြစ်သူ ပေါ်လိုနှင့် ထိုစံအိမ်ကြီးကို သွားလည်စဉ်က ပီကာဆိုသည် ပန်းချီဆွဲလို့ မပြီးမချင်း ခြံထဲ အ၀င်မခံ သဖြင့် ခြံဝမှာ နာရီများစွာ ထိုင်စောင့်ခဲ့ရ ဖူးကြောင်း မာရီနာက ပြန်ပြောင်း ပြောပြသည်။
ယခုအခါ သူ့ကလေး များလည်း ကြီးပြင်း လာပြီ ဖြစ်သောကြောင့် အတိတ် အရိပ်ဆိုးကို ပြည့်ဖုံးကား ချလိုက်ချင် သောကြောင့် စံအိမ်ကြီးကို ရောင်းတော့မည် ဖြစ်ကြောင်း မစ္စစ် မာရီနာက ပြော သည်။ ဒီစံအိမ်ကြီးမှာ ကျွန်မအတွက် အဘိုးနဲ့ ပတ်သက်တဲ့ ငယ်ဘ၀ အမှတ်ရစရာ မယ်မယ်ရရ မရှိဘူး ဟု မာရီနာက ဆိုသည်။ အဘိုးအတွက် ပန်းချီဆွဲ ဖို့ထက် အရေးကြီးတာ ဘာမှ မရှိဘူး ဆိုတာ ငယ်ငယ် ကတည်းက ခံစားမိတယ် ဟုလည်း မာရီနာ က ပြောသည်။
၂၀၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ကျွန်မ အဘိုး ပီကာဆို ဟူသော စာအုပ် တွင်လည်း မာရီနာသည် ငယ်စဉ်က အဘိုးဖြစ်သူ ပီကာဆိုက သူတို့ မိသားစုကို ဆင်းရဲတွင်းမှာ ပစ်ထားပုံ၊ ပီကာဆိုကြောင့် စိတ်ဆင်းရဲခဲ့ပုံ များကို အလေးပေး ရေးသား ထားသည်။ စံအိမ်ကြီး အပြင် စံအိမ်နဲ့ အတူ အမွေ ရခဲ့သော ပီကာဆို ပန်းချီကား (၁၂၆) ချပ် ကိုလည်း မစ္စစ် မာရီနာက ရောင်းချ သွားမည် ဖြစ်သည်။ ပန်းချီကား များသည် စုစုပေါင်း ပေါင်ခြောက်သန်း နီးပါး တန်ဖိုးရှိ မည်ဟု Sotheby’s လေလံ လုပ်ငန်းက ခန့်မှန်း ထားသည်။
ပီကာဆိုသည် ၁၉၇၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထိုအိမ်ကို ၁၉၅၅ တွင် ၀ယ်ယူ ခဲ့သည်။ ကန်စ် ပင်လယ်အော်ကို လှမ်းမြင် ရသော နေရာတွင် တည်ရှိ သောကြောင့် ပီကာဆိုသည် နာမည်ကျော် ကန်စ် ပင်လယ်အော် ပန်းချီကားကို ထိုအိမ်တွင် ရေးဆွဲခဲ့သည်။ အိမ်နဲ့ ပင်လယ်မြင်ကွင်း အကြား အခြားအိမ်များ ဆောက်လုပ် လာကြ သဖြင့် ပင်လယ် မြင်ကွင်း ပျက်စီးသည်ဟု ဆိုကာ ၁၉၆၁ တွင် ပီကာဆိုသည် ထိုအိမ်တွင် မနေဘဲ ပြောင်းခဲ့သည်။
Credit: messenger