မြန်မာနိုင်ငံတွင် ဟိုတယ်ကဏ္ဍ ရင်း နှီးမြှုပ်နှံမှုမှာ သုံးနှစ်အတွင်း (၁၀) ဆကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးစိုင်းကျော်အုန်းက The Messenger Media သို့ပြောသည်။
ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၅၅) သန်းခန့်သာ ရှိသော်လည်း ၂၀၁၄- ၁၅ ခုနှစ်ကုန်တွင် ကန်ဒေါ်လာ (၅၅၃) သန်း အထိ တိုးတက်လာကြောင်း ဟိုတယ်/ခရီးမှ သိရသည်။
““ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတာနဲ့ အမျှ နှစ်စဉ် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တိုးမြှင့် ဖန်တီး ပေးနိုင်ခဲ့ပါတယ်”” ဟု ဒုတိယ၀န်ကြီး ဦးစိုင်းကျော်အုန်းက ဆိုသည်။
ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှု တိုးတက် လာသဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် အလုပ်အကိုင် ဖန်တီးပေးမှုမှာ ပြည်သူ (၁၆၀၀၀) ကျော်သာ ရှိသော်လည်း၊ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်ကုန်တွင် ပြည်သူ(၁၅၀၀၀၀) အထိ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရင်းနှီး မြှုပ်နှံမှုကြောင့် ဟိုတယ် အခန်း တိုးတက်မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဟိုတယ် (၇၃၁) လုံး အခန်းပေါင်း (၂၅၀၀၂) ခန်းသာရှိပြီး၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်တွင် ဟိုတယ် (၁၁၀၆) လုံးမှ အခန်း ပေါင်း (၄၀၀၀၀) ကျော် အထိ တိုးတက်လာကြောင်း သိရသည်။
““ဟိုတယ် သင်တန်းပြီးတာ တစ်နှစ်ကျော်နေပြီ။ လုပ်ငန်း အတွေ့အကြုံ မရှိလို့ဆိုပြီး ဘယ်ဟိုတယ်ကမှ မခေါ်ဘူး။ ဟိုတယ်မှာ အလုပ်ရဖို့ ဆိုတာ လုပ်ငန်း အတွေ့အကြုံ မရှိရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး”” ဟု ကန်တော်ကြီး ဟိုတယ် သင်တန်း ကျောင်းဆင်း ဖြစ်သည့် ကိုဇော်မျိုးက ဆိုသည်။
လက်ရှိ ဟိုတယ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံမှ အများဆုံး ရင်းနှီး မြှုပ်နှံထားပြီး၊ ယင်းနောက်တွင် ဗီယက်နမ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ဂျပန်နှင့် မလေးရှား စသည့် နိုင်ငံတို့မှ အဆင့်လိုက် ရင်းနှီးထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနထံမှ သိရသည်။
Credit: messenger