အခြေခံ အဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ဂျပန်နိုင်ငံမှ အမေရိကန် ဒေါ်လာ (၇၂ ဒသမ ၈၅) သန်းကျော် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆိုင်ရာ ဂျပန်သံရုံးမှ သိရသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်၊ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး အတွက် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့တွေ ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအပြင် UN အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီး လုပ်မယ့် စီမံကိန်းလည်း ပါဝင်မှာ ဖြစ်ပါတယ် ဟု ဂျပန်သံရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ စီမံကိန်းတွင် အခြေခံ အဆောက် အဦများ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ အဖြစ် ရန်ကုန်ဆိပ်ကမ်း အဆင့် မြှင့်တင်ရေး စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ (၁၄ ဒသမ ၃၃) သန်း၊ မန္တလေးမြို့ ရေပေးဝေရေး စနစ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ (၂၁ ဒသမ ၂၉)သန်း၊
မရမ်းကုန်းမြို့နယ်တွင် ရေလေလွင့်မှု လျော့နည်းရေး စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ (၁၇ ဒသမ ၅၅) သန်း ထောက်ပံ့ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ထိခိုက် နစ်နာနိုင်ခြေ ရှိသော ပြည်သူများ အတွက် တိုင်းရင်းသား ဒေသ များတွင် အရေးပေါ် အစားအသောက် ထောက်ပံ့ရေး အတွက် အမေရိကန် ဒေါ်လာ (၈ ဒသမ ၃၃) သန်း၊
ရန်ကုန်နှင့် တိုင်းရင်းသား ဒေသများရှိ ဆင်းရဲသူ များထံ ထောက်ပံ့ရေး စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ (၅ ဒသမ၂၅)သန်း၊ တိုင်းရင်းသား ဒေသများရှိ ကလေးငယ်များကို အရေးပေါ် ထောက်ပံ့ရေး စီမံကိန်း အတွက် အမေရိ ကန်ဒေါ်လာ (၃ ဒသမ ၇၆) သန်း၊
တိုင်းရင်းသား ဒေသများရှိ ရွှေ့ပြောင်း နေထိုင်ရသူများ အတွက် အမေရိကန် ဒေါ်လာ (၂ ဒသမ ၃၂) သန်း ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းများ အတွက် WFP/ Unicef/ UN habitat/ UNHCR စသည့် အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
Credit: messenger