အရှေ့တောင်အာရှဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာ ဆက်လက်အားကောင်းနေမယ်လို့ ADB ခန့်မှန်း
အရှေ့တောင်အာရှဒေသရဲ့ စီးပွားရေးတိုးတက်ဖွံ့ထွားမှုနှုန်းဟာ
၂၀၁၆ ခုနှစ်မှာတော့ ၄ ဒသမ ၇ ရာခိုင်နှုန်း နဲ့ တိုးတက်ခဲ့ပြီး
ယခင် အစောပိုင်းတစ်နှစ်ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်း
မြင့်တက်ထားခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် က
ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။
ဒေသတွင်း စီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ထိုင်းတို့မှာလည်း
တိုးတက်မှုနှုန်း မြင့်မားနေခဲ့တယ်လို့ ဆိုပါတယ်။ ရာသီဥတု
ပုံမှန်အတိုင်း မပြောင်းလဲဘဲ ရှိခဲ့ခြင်းက စိုက်ပျိုးရေးလုပ်ငန်းတွေကို
ထောက်ကူနိုင်ခဲ့မှု၊ အဓိကကျတဲ့ စက်မှုလုပ်ငန်းပိုင်းတွေမှာ
ပြန်လည်နာလန်ထူလာနိုင်မှုတို့ကလည်း ပြည်ပပို့ကုန်လုပ်ငန်းကို
တိုးမြင့်စေခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံအားလုံးနီးပါး တိုးတက်မှုတွေ
ဆက်ရှိနေမယ်လို့ ADB က ခန့်မှန်းပါတယ်။ ဒေသတွင်း
နိုင်ငံတွေရဲ့ ပျမ်းမျှ တိုးတက်မှုနှုန်းကတော့ ၂၀၁၇ ခုနှစ်အတွက်
၎ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်အတွက် ၅ ရာခိုင်နှုန်း
ရှိမယ်လို့ ခန့်မှန်းသွားပါတယ်။
ခြွင်းချက်အနေနဲ့ ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံ
တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ ၂၀၁၆ ခုနှစ်မှာ စံချိန်တင်
တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ယခုနှစ်နဲ့
နောက်နှစ်ထဲမှာ တိုးတက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့
ဆက်သွားနေမယ်လို့ ဆိုပါတယ်။
အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုပိုမိုအားကောင်း
လာတာနဲ့အတူ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်နဲ့
ထိုင်း တို့ရဲ့ တိုးတက်မှုကို အားဖြည့်ထောက်ပံ့ပေးနေလျက်
ရှိသလို ဗီယက်နမ်မှာဆိုရင်လည်း စံချိန်တင် နိုင်ငံခြား
တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက အဓိကဖွံ့ဖြိုးရေး ထောက်ကူနေတဲ့
အချက်အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။
ဒေသတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကတော့ ၂၀၁၆ ခုနှစ်မှာ
၂ ဒသမ ၁ ရာခိုင်နှုန်း ကနေ ယခု နှစ်မှာ ၃ ဒသမ ၃
ရာခိုင်နှုန်းထိ မြင့်တက်မယ်လို့ ခန့်မှန်းထားတယ်လို့
ဆိုပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)